Myanmar Hard Talk
MHTNEWS❝တာချီလိတ်မှ ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးပို့မည့် တရားခံတစ်ဦးကို ငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံ ခန့်တန်းဖိုးရှိ အိုက်စ် ၂၆ဝ ကီလိုဂရမ်ခန့်နှင့်အတူ ဖမ်းဆီးရမိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟑》
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးပို့မည့် စိုင်းမောင်ဝမ်း (ခ) ဝမ်းဝမ်း ဆိုသူ တရားခံတစ်ဦးကို မတ်လ ၂၂ ရက်၊ နံနက် ၂ နာရီခွဲကျော်အချိန်ခန့်က ငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံ ခန့်တန်းဖိုးရှိ အိုက်စ် ၂၆ဝ ကီလိုဂရမ်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်နေသည့်နေရာ၌ မသင်္ကာဖွယ်ရာ လူတစ်စု အနက်ရောင်အိတ်များအား မြေထိန်းနံရံကိုကျော်၍ ကြိုးဖြင့်ချိတ်ဆွဲချကာ မယ်ဆိုင်ချောင်းကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ပို့ရန် ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
၎င်းထံမှ အိတ်အနက်ရောင်ဖြင့် တစ်ထပ်၊ ဆာလာအိတ်အစင်းကြားဖြင့်တစ်ထပ်၊ Golden Leaf စာတန်းပါ ရွှေအိုရောင်/အဖြူရောင်/ခဲရောင် အိတ်များဖြင့် တစ်ထပ်၊ ၉၉၉ ပလပ် စတစ်အကြည်ရောင်ဖြင့် တစ်ထပ်ထုပ်ပိုးထားသည့် အိတ် ၁ လုံးလျှင် အထုပ် ၂၀ နှုန်းဖြင့် အိုက်စ် ၂၀ ကီလိုဂရမ်ခန့်ပါ အိတ် ၁၃ လုံးအတွင်းမှ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့်ကိုပါ သိမ်းဆည်းရရှိခဲ့သဖြင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အလားတူ ဆက်စပ်တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့်သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်သလို သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။