Myanmar Hard Talk
MHTNEWS❝ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆၁ ဦးအပါအဝင် ပြည်ပနိုင်ငံသား ၆၈ ဦး ထပ်မံဖမ်းမိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟐》
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ခဲ့ကြပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ၆၁ ဦးအပါအဝင် ပြည်ပနိုင်ငံသား ၆၈ ဦးကို အမှတ်(၅)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်း ပုန်းအောင်းနေထိုင်လျက်ရှိစဥ် ဖော်ထုတ်ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့်အထဲတွင် တရုတ်နိုင်ငံသား ၆၁ ဦးအပြင် သီရိလင်္ကာနိုင်ငံသား ၃ ဦး၊ ယူဂန္ဓာနိုင်ငံသား ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၁ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁ ဦးနှင့် မလေးရှားနိုင်ငံသား ၁ ဦး ပါဝင်သည်ဟုသိရပြီး ၎င်းတို့ကို မတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီတွင် ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းတို့ကို ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သလို ထိုအထဲမှ တရုတ်နိုင်ငံသား ၆၁ ဦးနှင့် မလေးရှားနိုင်ငံသား ၁ ဦးတို့ကို မတ်လ ၂၀ ရက်နေ့တွင် မြို့မရဲစခန်း၌ချုပ်နှောင်ထားရှိပြီး တရားမဝင် ဝင်ရောက်လာခြင်းအတွက် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)၊ ၁၃(၁)အရ ဥပဒေ လုပ်ထုံး၊ လုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၁၆ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။
အလားတူ ၎င်းတို့အနက်မှ ၁၃၃၃၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၈၁ ဦးကိုလည်ူ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။