Myanmar Hard Talk
MHTNEWS❝နောင်ချိုနှင့် မြောင်မြို့နယ်တို့မှာ အကြမ်းဖက်အဖွဲ့များ၏ မိုင်းများကြောင့် ပလုံကောက်သူအပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟐》
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တို့မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းပေါက်ကွဲမှုများကြောင့် ပလုံကောက်သူအပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရသည့်ဖြစ်စဥ်များ ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းမှတ်တမ်းများအရ သိရသည်။
ဖြစ်စဥ်များမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မက်လွှတ်ကျေးရွာနေ ဦးနိုင်မင်းထွန်း(၃၇)နှစ်သည် မတ်လ ၂၁ ရက်၊ နံနက် ၁၁ နာရီခွဲတွင် ၎င်း၏သားဖြစ်သူ မောင်ကောင်းထက်(၁၆)နှစ်နှင့်အတူ နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို မောင်ကောင်းထက်မှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် နောင်ချိုမြို့နယ်၊ ကျောင်းကျေးရွာနေ ဦးတင်လှိုင်(၅၂)နှစ် သည် နားရှိုးကျေးရွာရှိ ဦးသိန်းနိုင်ပိုင်ဆိုင်သည့် ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။
ထို့အပြင် ညနေ ၄ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်နေ ကိုရှိန်းထက်အောင်(၂၂)နှစ်သည် မြောင်မြို့နယ်၊ နဘက်ကျေးရွာအနီးရှိ လမ်းပေါ်၌ စွန့်ပစ်ဘူးခွံ/ပုလင်းခွံများကို ကောက်ယူနေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် မှန်ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရသည်ဟုလည်း သိရသည်။