Myanmar Hard Talk
MHTNEWS❝အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများကို ဝေဟင်မှ ကြည့်ရှုစစ်ဆေး❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟐》
ညောင်ရွှေမြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးချနေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများကို ဝေဟင်မှနေ၍ ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးခြင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ သစ်တောဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မတ်လ ၂၁ ရက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်ခဲ့ပြီးနောက် တရားမဝင်ကျူးကျော်အခြေချခြင်းများနှင့် တရားမဝင်မြေအသုံးချခြင်းများ မရှိစေရန်၊ မြေအသုံးချနေမှုများ ဥပဒေနှင့်အညီ စနစ်ကျမှန်ကန်စေရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များစုဖွဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် တောမီးနှင့်မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ဝေဟင်မှကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။