Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံသားအားလုံး အသိဉာဏ်ပညာပြည့်ဝရေးနှင့် အတွေးအခေါ်မှန်ကန်ရေးဖြစ်ဟုဆို❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐𝟏》


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံသားအားလုံး အသိဉာဏ်ပညာပြည့်ဝရေးနှင့် အတွေးအခေါ်မှန်ကန်ရေးဖြစ်သည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက ပြောကြားသည်။


မတ်လ ၂၀ ရက်၊ နံနက် ၈ နာရီအချိန်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည့် တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။


အဆိုပါ သင်တန်းကို တက္ကသိုလ်/ကောလိပ်အသီးသီးရှိ သင်ကြားရေး ဆရာဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေပြီး အဆင့်မြင့် ပညာရေးနှင့်စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သောအသိပညာများ တိုးပွားလာစေရန်၊ အစုအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန်နှင့် အခြေခံကာကွယ်ရေးပညာကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟုဆိုသည်။


အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက်(၄)ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အမျိုးသား ပညာရေး၊ ကျန်းမာရေးကဏ္ဍများမြင့်မားရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာတွင် ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများက ကျရာအခန်းကဏ္ဍမှ ကျွမ်းကျင်မှုနှင့်အတူ စိတ်စေတနာကောင်းဖြင့် ပေါင်းစပ်ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက တိုက်တွန်းမှာကြားသည်။


အလားတူ ပညာသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် ခံယူချက်များကို မြင့်မား တိုးတက်စေသည့်အတွက် နိုင်ငံအတွက် အရေးပါပြီး တန်ဖိုးကြီးမားသည့် အခြေခံအရည်အချင်းဖြစ်ကြောင်းနှင့် ပညာသင်ယူမှုမှတစ်ဆင့်ရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်း နိုင်စွမ်းသည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် နိုင်ငံသားတိုင်းလိုက်နာရမည့် စည်းကမ်းများ၊ တည်ဆဲဥပဒေများကို စောင့်ထိန်းလိုက်နာကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် ၆ ချက်နှင့် ကျင့်ဝတ်အပါး ၃၀ ကို အလေးထားလိုက်နာကြရန်၊ သင်တန်းကရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်နှင့်ပေါင်းစပ်ပြီး မိမိတို့၏ တက္ကသိုလ်/ ကောလိပ် နှင့် မိမိတို့ဒေသ၏ ပညာရေးကဏ္ဍမြင့်မားတိုးတက်လာအောင် ကြိုးပမ်းကြရန်၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်၊ မိဘပြည်သူနှင့် ရပ်ရွာလူထုအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့်ပညာရပ်များကို ဆည်းပူးလေ့လာပြီး နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ်များ၏ ပညာရေးအခွင့်အလမ်းအသစ်များ ပေါ်ထွန်းစေရေး ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားခဲ့သည်ဟု သိရသည်။


အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနရှစ်ခုမှ သင်တန်းသား ၆၈ ဦး၊ သင်တန်းသူ ၃၀၅ ဦး စုစုပေါင်း ၃၇၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့သည်ဟုလည်း သိရသည်။

Report Page