Myanmar Hard Talk
MHTNEWS❝အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှုဖြင့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား တစ်ဦးတို့ကို NIA မှ ဖမ်းဆီးထိန်းသိမ်းခဲ့ဟုဆို❞
≋၎င်းပြည်ပနိုင်ငံသားများက မြန်မာနိုင်ငံဘက်မှ အကြမ်းဖက်အုပ်စုများကို သင်တန်းပေးခဲ့ကြောင်းလည်း သတင်းအချို့ ဖော်ပြ≋
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟏𝟕》
အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှုစွပ်စွဲချက်ဖြင့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား တစ်ဦးတို့ကို အိန္ဒိယနိုင်ငံ၊ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ National Investigation Agency (NIA)က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Information team ၏ သတင်းအရ သိရသည်။
အဆိုပါ နိုင်ငံခြားသား ၇ ဦးတို့သည် Delhi Kolkata နှင့် Lucknow တို့ရှိ လေဆိပ် များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ နိုင်ငံခြားသားများသည် အိန္ဒိယနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာခြင်းဖြစ်သော်လည်း တားမြစ်နယ်မြေဖြစ်သည့် Mizoram ပြည်နယ်သို့ ခွင့်ပြုမိန့်မပါဘဲ သွားရောက် ခဲ့ကြသူများဖြစ်သည်ဟုဆိုသည်။
ထိုမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ဖြတ်ကျော်ခဲ့ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်လျက် ရှိသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်ကာ ဥရောပမှ ဒရုန်းများကို တင်သွင်း၍ လက်နက်ကိုင်အဖွဲ့များထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
အလားတူ အဆိုပါ နိုင်ငံခြားသား ၇ ဦးတို့သည် ချင်းလက်နက်ကိုင်များအပါအဝင် PDF များကို ဒရုန်းနည်းပညာအပါအဝင် စစ်ရေးဆိုင်ရာကူညီတိုက်ခိုက်မှုပြုလုပ်ပေးနေသော AIF မှ အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံဘက်မှ သတင်းအချို့က ဖော်ပြကြသလို AIF Myanmar က ဖွဲ့စည်းထားသည့် Witch အမျိုးသမီးအဖွဲ့ကို ယူကရိန်းရဲဘော်များက ဒရုန်းနည်းပညာသင်တန်းပေးခဲ့သည်ဟုလည်း အခိုင်အမာ ဖော်ပြထားကြသည်။
AIF Myanmar သည် အမေရိကန်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်များက ဖွဲ့စည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာတပ်ဦး (Anti-Fascist International Front—AIF) ဖြစ်ပြီး ၎င်းတို့သည် မြန်မာအစိုးရကို တိုက်ခိုက်နေသည့် အကြမ်းဖက်အုပ်စုများနှင့်ပူးပေါင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း အဆိုပါ AIF တည်ထောင်သူ အမေရိကန်နိုင်ငံသား အာဇတ်၏ ပြောဆိုမှုကို အခြေခံကာ Telegraph သတင်းဌာနမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ရေးသားဖော်ပြခဲ့သည်။
လက်ရှိတွင် အဆိုပါဖမ်းဆီးရမိထားသူများကို ဒေလီမြို့ရှိ ရာဇဝတ်ရုံးမှ မတ်လ ၂၇ ရက်အထိထိန်းသိမ်းထားရှိရန် အမိန့်ချမှတ်ခဲ့ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း Indian Express သတင်းဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။