Myanmar Hard Talk
MHTNEWS❝တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၆၉ ဦးကို မဲထော်သလေးကျေးရွာအနီးမှ ဖမ်းဆီးရမိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟏𝟓》
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ ၆၅၀ ခန့်အကွာနေရာမှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၆၉ ဦးကို ယနေ့ မတ်လ ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ ပြည်ပနိုင်ငံသားများထဲတွင် တရုတ်နိုင်ငံသား အမျိုးသား ၆၃ ဦး၊ အမျိုးသမီး ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မလေးရှားနိုင်ငံသား အမျိုးသမီး ၁ ဦး၊ ရုရှားနိုင်ငံသား အမျိုးသမီး ၁ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၁ ဦးတို့ ပါဝင်သည်ဟု သိရပြီး တောအုပ်အတွင်း ပုန်းအောင်းနေစဥ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အလားတူ မတ်လ ၁၄ ရက်နေ့ကလည်း အဆိုပါ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီး၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက်ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၈၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့သေးသည်။
ယနေ့ဖမ်းမိခဲ့သည့် ပြည်ပနိုင်ငံသား ၆၉ ဦးတို့ကို မြဝတီမြို့၌ ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ နိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။