Myanmar Hard Talk
MHTNEWSစိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုနှင့်ပတ်သက်၍ တပ်မတော်သားများ အားလုံးအနေဖြင့်တိုင်းပြည်ချစ်စိတ်ရှိပြီး ယုံကြည်ချက်ခံယူချက်ကောင်းရန်လိုသကဲ့သို့ တပ်မတော်၏ ယုံကြည်ချက်၊ ခံယူချက်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသား ရေးတာဝန်အဖြစ် ခံယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များအလိုက် အားကစားပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိပြီး အားကစားပြိုင်ပွဲများမှတစ်ဆင့် စိတ်ဓာတ်မြှင့်တင်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတပ်ကိုချစ်မြတ်နိုးသည့်စိတ်၊ မိမိတပ်ဖွဲ့ကိုချစ်မြတ်နိုးသည့်စိတ်၊ တပ်မတော်ကို ချစ်မြတ်နိုးသည့်စိတ်များဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်နေသရွေ့ တပ်မတော်သည် အမြဲတည်ရှိနေမည်ဖြစ်ကြောင်း၊ တပ်မတော်သည် အမိ၊ တပ်မတော် သည်အဖဆိုသည့်အတိုင်း စည်းလုံးညီညွတ်မှုအားများကို တည်ဆောက်သွားကြရန်လိုကြောင်း၊ တပ်မတော်သားတိုင်းအနေဖြင့် နိုင်ငံတော်ကိုကာကွယ်မယ်ဟူသည့် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနှင့် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်အတွင်း ဝင်ရောက်လာကြခြင်းဖြစ်သည့်အတွက် အသက်ခန္ဓာပေးဆပ်ပြီး တာဝန်ထမ်းဆောင်နေမှု အပေါ်ဂုဏ်ယူကာ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် စစ်သည်တော်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ ခရီးစဉ်ပေါင်း ၅၃ ကြိမ်သွားရောက်နိုင်ခဲ့ပြီး အဆိုပါခရီးစဉ်များမှတစ်ဆင့် ခေတ်မီတပ်မတော်ထူထောင်ရေး လက်တွေ့လေ့လာနိုင်ခဲ့ပြီး တပ်မတော်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုအချိန်အထိ နိုင်ငံပေါင်း ၆ နိုင်ငံသို့ ခရီးစဉ်ပေါင်း ၁၂ ကြိမ်သွားရောက်ခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တပ်မတော်မှ အရာရှိ၊ စစ်သည်များကိုလည်း နိုင်ငံတကာသို့ ပညာသင်တော်သင်များအဖြစ်စေလွှတ်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လေ့ကျင့်ခန်းများစေလွှတ်ခြင်း၊ နိုင်ငံတကာတပ်မတော်ဆိုင်ရာဆွေးနွေးပွဲများ စေလွှတ်ခြင်းနှင့် ချစ်ကြည်ရေးခရီးစဉ် စုစုပေါင်း ၂၈၉၂ ကြိမ်စေလွှတ်နိုင်ခဲ့ပြီး အရာရှိ ၇၀၀၀ ကျော်နှင့် စစ်သည် ၇၀၀ ကျော်ကို စေလွှတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာတပ်မတော်များနှင့် ထိတွေ့ဆက်ဆံမှုများတိုးတက်လာစေရေးနှင့် နိုင်ငံတကာအတွေ့အကြုံများ တိုးတက်လာစေရေး စေလွှတ်ပေးခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံရေးအစိုးရများအနေဖြင့် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်ပြီး သတ်မှတ်ကာလများအလိုက် ပြောင်းလဲနေမည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့် အစိုးရများကဲ့သို့ပြောင်းလဲမည်မဟုတ်ဘဲ လက်ဆင့်ကမ်းတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း တပ်မတော်ကိုအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်အာင် ကြိုးစားဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်သားများအားလုံးအနေဖြင့် နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်အမျှော်အမြင်ရှိရှိ ချမှတ်ထားခဲ့သည့် “မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်" အလေးအနက်ထားတိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း လက်တွဲညီညီဖြင့် တပ်မတော်၏ကောင်းရာ ကောင်းကျိုး၊ နိုင်ငံတော်၏ကောင်းရာကောင်းကျိုးများအတွက် အတူတကွ ဆောင်ရွက်ခဲ့မှုများအပေါ် ကျေးဇူးတင်ချီးကျူးဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။