Myanmar Hard Talk

Myanmar Hard Talk

MHT NEWS

❝မိမိတို့ရရှိသည့် ဘတ်ဂျက်များကို အကျိုးရှိစွာအသုံးပြုနိုင်ရန် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်မျှပင်ရှိစေ ရင်ဆိုင်ကျော်လွှားကြဖို့ နစက ဒုတိယဥက္ကဋ္ဌ တိုက်တွန်း❞


𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝙖𝙧𝙘𝙝 ~ 𝟏𝟐〕

https://t.me/myanmarhardtalk


၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၁ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။ 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့်အစည်းအဝေးသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကြိုတင်စိစစ်ရေးကော်မတီတို့က နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ အဆင့်ဆင့်စိစစ်ထားပြီးဖြစ်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းကို နောက်ဆုံးအဆင့်အဖြစ် စိစစ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံ့စီးပွားရေးကို ကုစားနိုင်ရန်နှင့် နိုင်ငံ့စီးပွားပြန်လည်ဖွံ့ဖြိုးတိုးတက်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်၏ ရငွေများ၊ သုံးငွေများကို ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု နည်းလမ်းများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ပေးလျက်ရှိကြောင်း။


ထိုသို့ စီမံဆောင်ရွက်ရာတွင် ချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ အကောင်အထည်ဖော် ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ်အလိုက်ရရှိမည့်ရငွေများကို အပြည့်အဝရရှိစေရန် ကြိုးပမ်းခြင်း၊ သုံးငွေများကို စနစ်တကျခွဲဝေသုံးစွဲခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသားစီမံကိန်းဥပဒေ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေတို့နှင့်အညီ ဆောင်ရွက်စေလျက်ရှိကြောင်း။


မိမိတို့ တာဝန်ယူဆောင်ရွက်နေစဉ်ကာလအတွင်း ရငွေပိုင်းနှင့် သုံးငွေပိုင်းများတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ် ဘက်ပေါင်းစုံမှ နှောင့်ယှက်ဖျက်ဆီးမှု စသည့်အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အစိုးရအဖွဲ့များအားလုံးက ယင်းအခက်အခဲများကို မဆုတ်မနစ်သောဇွဲလုံ့လများဖြင့် ရင်ဆိုင်ကျော်လွှားကာ ချမှတ်ပေးထားသည့် စီးပွားရေးရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ယင်းအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မှတ်တမ်းတင် အသိအမှတ်ပြုပါကြောင်း။


ထို့ပြင် စိန်ခေါ်မှုများကြောင့် အချို့ဝန်ကြီးဌာနများက ရရှိလာသည့်ဘဏ္ဍာငွေများကို အပြည့်အဝ မသုံးစွဲနိုင်သည့် ကိစ္စရပ်များရှိသဖြင့် ပြန်လည်အပ်နှံ ရသည်များလည်းရှိပါကြောင်း၊ ယင်းသည် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုအပိုင်းနှင့် ကုန်ထုတ်လုပ်မှုအပိုင်းတို့တွင် နစ်နာမှုရှိသည့်အပြင် GDP လျော့ကျစေမှုကိုလည်း သတိပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် ရရှိသည့်ဘတ်ဂျက်ကို အကျိုးရှိထိရောက်အောင် သုံးစွဲကြရန်လိုကြောင်း၊ ဘတ်ဂျက်များ စိစစ်သည့်အခါ လိုငွေနှင့် GDP အချိုးကိုကြည့်၍ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်ရေး ဘောင်သတ်မှတ်လျက်ခွဲဝေချမှတ်ပေးခြင်းဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့်ရငွေကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများလည်း ရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါအခက်အခဲများနှင့် စိန်ခေါ်မှုများကို မည်သို့ကျော်လွှားမည်၊ ကိုယ်ရရှိသည့် ဘတ်ဂျက်ဖြင့် မည်သို့ကုန်အောင်သုံးမည်၊ ပေးထားသည့်ဘတ်ဂျက်ကို ထိထိရောက်ရောက် ကုန်အောင်သုံးနိုင်မှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဘက်ဘက်က အထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်မှသာ ပြည်တွင်း/ပြည်ပတင်ပို့သုံးစွဲနိုင်မှုမှတစ်ဆင့် နိုင်ငံတော် GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ရရှိသည့် ဘတ်ဂျက်များ အကျိုးရှိစွာအသုံးပြုနိုင်ရန် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်မျှပင်ရှိစေ ရင်ဆိုင်ကျော်လွှားကြရန် ပြောကြားလိုကြောင်း။


အချို့ဝန်ကြီးဌာနများမှ ပြန်အပ်ငွေများအတွက်လည်း အကျိုးမဲ့မဖြစ်သွားစေရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ပြန်လည်ထည့်သွင်းပြီး သုံးစွဲစေခဲ့သည်ကို သိရှိစေလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘတ်ဂျက်လိုငွေများစွာဖြစ်ပေါ်ပါက နိုင်ငံတော်၏ကြွေးမြီမြင့် တက်လာနိုင်သောကြောင့် ကြွေးမြီခံနိုင်ရည်ရှိမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်လိုငွေကို ရှိသင့်ရှိထိုက်သည့် အတိုင်းအတာအတွင်းသာ ထားရှိရမည်ဖြစ်ကြောင်း။


စာရင်းဇယားများအရကြည့်မည်ဆိုပါက ပြည်ထောင်စုအဆင့်စိစစ်ရာတွင် မူလအခြေအနေတွင် လိုငွေနှင့် GDP အချိုးသည် ၈ ဒသမ ၈၆ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မူဘောင်နှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု၊ အကျိုးဖြစ်ထွန်းမှုအပေါ် အဆင့်ဆင့်စိစစ်ပြီး နောက်ဆုံးအနေအထားအဖြစ် ပြန်လည်စိစစ်သည့်အခါ ၂၀၂၄-၂၀၂၅ ၏ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိသဖြင့် ပျမ်းမျှ ၅ ရာခိုင်နှုန်း ကျော်လွန်နေသည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ယခု ၂၀၂၄-၂၀၂၅ တွင် လိုငွေ နှင့် GDP အချိုးသည် ၀ ဒသမ ၀၂ ရာခိုင်နှုန်း တွေ့ရပါကြောင်း၊ ယင်းသို့ကွာခြားမှုများကို စိစစ်ရာတွင်တွေ့ရှိရသည့် အကြောင်းအရင်းများမှာ နိုင်ငံခြားငွေနှင့် မြန်မာငွေလဲလှယ်နှုန်းကွာဟချက်များ၊ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်ဆံဖျားစရိတ်၊ သင်တန်းသား ထောက်ပံ့စရိတ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သုံးစွဲရမည့်စရိတ်၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျာထားမှုများကြောင့် ၂၀၂၃-၂၀၂၄ ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာရခြင်းဖြစ်သည်ကိုတွေ့ရပါကြောင်း၊ နိုင်ငံတော်၏ ဝင်ငွေအများဆုံးရှာပေးနိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် မိမိဌာနမှ ပေးအပ်ထားသည့် မူလရည်မှန်းချက်များကို အပြည့်အဝရရှိအောင်နှင့် ကျော်လွန်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အလားတူလူမှုရေးအသုံးစရိတ်၊ ဌာနများအလိုက်သုံးစွဲရသည့် အသုံးစရိတ်များကို သုံးစွဲရာတွင် မလိုအပ်ဘဲ များပြားစွာ လေလွင့်ဆုံးရှုံးမှုများမရှိအောင် သုံးစွဲပေးနိုင်ရန်လိုကြောင်း၊ ဝင်ငွေရှာပေးနိုင်သည့် ဝန်ကြီးဌာနများကလည်း မိမိတို့၏ ဝန်ကြီးဌာနများအလိုက် သတ်မှတ်ပေးထားသည့် လျာထားဘတ်ဂျက်၊ ရည်မှန်းချက်ပြည့်ဝအောင် မည်သို့ပင် အခက်အခဲနှင့်စိန်ခေါ်မှုများရှိပါစေ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

Report Page