Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝“အင်ဂျင်နီယာ လူ့စွမ်းအားပိရမစ်” မဟာဗျူဟာတစ်ခု ထူထောင်ရမည်ဟု စက်မှုဝန်ကြီးပြော❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟕》


ကျွမ်းကျင်မှုအခြေပြုပညာရေးနှင့် အင်ဂျင်နီယာပညာရပ်တို့ကို ပေါင်းစပ်၍ “အင်ဂျင်နီယာ လူ့စွမ်းအားပိရမစ်” မဟာဗျူဟာတစ်ခု ထူထောင်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက “ရေရှည်တည်တံ့သော အနာဂတ်အတွက် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်” (Smart Engineering for a Sustainable Future) ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။


အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို မတ် ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ဘလိုင်းကာတီနီကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အင်ဂျင်နီယာများဖြင့်သာ မလုံလောက်နိုင်ဘဲ နည်းပညာရှင်များအနေဖြင့် စနစ်များကို ထိန်းသိမ်းခြင်း၊ အဖွဲ့အစည်းများမှ ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ်မြှင့်တင်ပေးခြင်းဖြင့် လုပ်ငန်းများကို လည်ပတ်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။


အလားတူ ကျွမ်းကျင်မှု အခြေပြုပညာရေးဖြင့် အောင်မြင်စွာပေါင်းစပ်ထားသည့် “အင်ဂျင်နီယာလူ့စွမ်းအား ပိရမစ်” တည်ထောင်၍ ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်ကိုဖန်တီးနိုင်မည့် မဟာဗျူဟာ (၁၀)ရပ်ကို အသက်သွင်းနိုင်ပါက နိုင်ငံ၏စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းနှင့် စက်မှုလုပ်ငန်းများ ခေတ်မီတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်မည်ဖြစ်ပြီး ရေရှည်တည်တံ့သောအနာဂတ်ကိုလည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်သည် ခံနိုင်ရည်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရေရှည်တည်တံ့သည့် ကြွယ်ဝချမ်းသာမှုဆီသို့ ဦးတည်မည့် လမ်းကြောင်းတစ်ခုဖြစ်သောကြောင့် အလုံးစုံပါဝင်မှုရှိသော၊ ရေရှည်တည်တံ့သော အနာဂတ်တစ်ခုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြစေလိုကြောင်းဖြင့်လည်း ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ၏ ပံ့ပိုးကူညီမှုဖြင့် ကမ္ဘာ့အင်ဂျင်နီယာအသင်းများဖက်ဒရေးရှင်း (WFEO) နှင့် အင်ဒိုနီးရှားအင်ဂျင်နီယာအသင်း (PII) တို့ ပူးပေါင်း၍ အာရှတိုက်၌ ပထမဆုံးအကြိမ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် “ကမ္ဘာ့အင်ဂျင်နီယာနေ့” (World Engineering Day - WED 2026) အခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။


“ရေရှည်တည်တံ့သော အနာဂတ်အတွက် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ်” (Smart Engineering for a Sustainable Future) ခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ် ယခင်ဥက္ကဋ္ဌဖြစ်သူ မစ္စတာ မူစတာဖာရှီဟူး၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီးမစ္စတာ မူတယာဗီယာဒါဟာဖစ်ဒ်၊ ပြည်သူ့လုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စဒိုင်ယာနာ ကူဆူမတ်တူတီတို့လည်း ပါဝင်တက်ရောက်ခဲ့သည်ဟု သိရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ခေတ်မီဆန်းသစ်သော အင်ဂျင်နီယာပညာရပ် ရှင်သန်ဖွံ့ဖြိုးရန် အင်ဂျင်နီယာပညာရေးကိုသာမက ကျွမ်းကျင်မှုအခြေပြုပညာရေးစနစ် ပြုစုပျိုးထောင်ရန် လိုအပ်မှုတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် မတ်လ ၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဂျကာတာမြို့ရှိ ဘလိုင်းကာတီနီကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် “၂၀၂၆ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာနေ့” အခမ်းအနား၏ “မဟာဗျူဟာနှင့် မျှော်မှန်းချက်များ အဆင့်မြင့်ဆွေးနွေးမှုကဏ္ဍ” ဖွင့်ပွဲအခမ်းအနားသို့လည်း ပါဝင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်၊ ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် အင်ဂျင်နီယာပညာရေးအမြဲတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်မင်းအောင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်လတ်တို့လည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Report Page