Myanmar Hard Talk
MHTNEWS❝ကျားဖြန့်နှင့်ပတ်သက်သည့် တရုတ်နိုင်ငံသား ၂၀ ဦး ထပ်မံဖမ်းမိခဲ့ပြီး ပြည်ပနိုင်ငံသား ၁၅၄ ဦးကို အပြစ်ပေးအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်နေဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟕》
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ထပ်မံဖမ်းမိခဲ့သလို ယခင်က ဖမ်းမိထားသည့် ပြည်ပနိုင်ငံသားများအနက် ၁၅၄ ဦးကို အပြစ်ပေးအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း အစိုးရထုတ်ပြန်သောသတင်းအရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်အထိ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၃၈၅ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။
ယခုအခါ ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၂၆၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။
ထိုသို့ လွှဲပြောင်းရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၂၃ ဦးအနက် ပြည်ပနိုင်ငံသား ၁၅၄ ဦးကို မြို့မရဲစခန်း၌ ချုပ်နှောင်ထားရှိပြီး မတ်လ ၅ ရက်နေ့တွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဆွဲဆိုအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။