Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ခြင်းက ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မှုတွေ လျော့နည်းရေးအတွက် အထောက်အကူဖြစ်စေတယ်ဟုဆို❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟒》


စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် မြို့ပြနဲ့ အခြားပြည်ပနိုင်ငံတွေဆီ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မှုတွေ လျော့နည်းရေးအတွက် များစွာအထောက်အကူဖြစ်စေတယ်လို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောပါတယ်။


မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ မန်းမြို့တော်ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းရဲ့ မိဘမေတ္တာမုန့်စက်ရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့စဥ်မှာ ယခုလို ပြောကြားခဲ့တာပါ။


ဒါ့အပြင် ကျေးလက်ဒေသသမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်ရေးတို့အတွက်ကိုလည်း အထောက်အကူဖြစ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။


မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်တစ်ခုအနေနဲ့ သမဝါယမအသင်းတစ်ခုဖြစ်တဲ့ မန်းမြို့တော်ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းရဲ့ “မိဘမေတ္တာ” မုန့်စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက်ကို အထုပ်အကြီးအရေအတွက် တစ်သိန်းခန့်နဲ့ အထုပ်အသေးအရေအတွက် နှစ်သိန်းခန့် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


စက်ရုံတာဝန်ရှိသူများအနေနဲ့ ထုပ်ပိုးမှုပုံစံတွေကိုလည်း ခေတ်မီလှပသပ်ရပ်တဲ့ပုံစံတွေနဲ့ သုံးစွဲသူစိတ်ဝင်စားမှုရှိအောင်၊ စွဲဆောင်မှုရှိအောင် ဖန်တီးဆောင်ရွက်ကြဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းမှာကြားခဲ့ပြီး ယခုမုန့်စက်ရုံကို တည်ထောင်ဆောက်လုပ်နိုင်ခြင်းကြောင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး) မှ ကျောင်းဆင်းတွေအပါအဝင် ဒေသရှိလူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Report Page