Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲကြဖို့ သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် သမ/ကျေးလက်ဝန်ကြီး တိုက်တွန်း❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙍~𝟐》


တောင်သူဦးကြီးများအနေဖြင့် မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲကြဖို့ သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တိုက်တွန်းပြောကြားသည်။


နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ မတ်လ ၁ ရက်နေ့က ကျင်းပသည့် Seed Fair 2026 (မျိုးစေ့ပြပွဲ-၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် တောင်သူများ အရင်းအနှီးပိုမိုတောင့်တင်း လာစေရေးနှင့် ဈေးကွက်ခိုင်မာရေးအတွက် မျိုးစေ့ထုတ်သမဝါယမအသင်းများက ထွက်ရှိသော မျိုးစေ့များကို စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများအား ရောင်းချပေးခြင်း၊ ထွက်ရှိလာသည့် သီးနှံများကို သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်ထားရှိသည်ဟုဆိုသည်။


အလားတူ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ၁၈၆၅၁ သင်းကိုဖွဲ့စည်းထားရှိပြီး ၉၃၂၇၉၈ ဦးအတွက် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေအပါအဝင် သမဝါယမအသင်းပိုင်ငွေများဖြင့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါနှင့် ဟင်းသီး ဟင်းရွက်စိုက်ဧကပေါင်း ၁၆၀၅၈၁၂ ဧကကို စိုက်ပျိုးထုတ်လုပ်နိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုအရ သိရသည်။


ထို့ပြင် နေပြည်တော်၊ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်နယ် ၁၁ ခုမှ မြို့နယ် ၂၁ မြို့နယ်တွင် မျိုးစေ့ထုတ်သမဝါယမအသင်း ၃၁ သင်းကို ဖွဲ့စည်းထားပြီး မျိုးစေ့ထုတ်စိုက်ဧရိယာ ၁၈၃၅ ဧကတွင် သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။


မျိုးစေ့ထုတ်သမဝါယမအသင်းများမှ အသင်းသား တောင်သူ ၁၅၄၉ ဦးကို မျိုးကောင်း မျိုးသန့်များနှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ (ပုလဲ၊ ကွန်ပေါင်း)၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသွင်းအားစုနှင့်ညီမျှသော ငွေများကို နိုင်ငံတော်ကသီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

Report Page