Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ရတနာပုံမြို့သစ်ကို မြန်မာနိုင်ငံ၏ပထမဆုံးနှင့် အကြီးမားဆုံးသော အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာ ဒေသတစ်ခုအဖြစ် ရည်ရွယ်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ယာယီသမ္မတပြောကြား❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟖》


မြန်မာနိုင်ငံ၏ Silicon Valley ဟု လူသိများသော ရတနာပုံမြို့သစ်ကို မြန်မာနိုင်ငံ၏ပထမဆုံးနှင့် အကြီးမားဆုံးသော အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာ ဒေသတစ်ခုအဖြစ် ရည်ရွယ်ကာ ၂၀၀၆ ခုနှစ်၊ ဇွန်လ၌ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


အဆိုပါ ပြင်ဦးလွင်မြို့၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက်အဦ၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ရတနာပုံမြို့သစ်ကို မြန်မာနိုင်ငံ၏ ICT ကဏ္ဍဖွံ့ဖြိုး တိုး တက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာကုမ္ပဏီများကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်၊ မြန်မာ့နည်းပညာ ရှင်များအတွက် သုတေသနနှင့် တီထွင်ဖန်တီးမှုများပြုလုပ်နိုင်မည့် အချက်အချာနေရာတစ်ခု ဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက် ၃ ခုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ယာယီသမ္မတကဆိုသည်။


ရတနာပုံမြို့သစ်တွင် မြန်မာနိုင်ငံ၏ အဓိကအင်တာနက်နှင့်ဆက်သွယ်ရေး ဝန်ဆောင်မှုဗဟိုဌာနတစ်ခုကို Yatanarpon Teleport က တည်ဆောက်ခဲ့ကြောင်း၊ အိုင်တီလုပ်ငန်းသစ် (Startups)များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများ Incubation Center များ၊ Education Zone ဖြစ်သည့် နည်းပညာတက္ကသိုလ်များနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများ ထည့်သွင်းရန်လျာထားခဲ့သလို နည်းပညာနှင့်ပတ်သက်သည့်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် High-Tech Zone အဖြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေမည့် Soft-Based Factory Zone ကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ရတနာပုံမြို့သစ်တွင် ဒစ်ဂျစ်တယ်ဆိုင်ရာအခြေခံအဆောက်အအုံများနှင့် လိုအပ် ချက်များကို အကောင်အထည်ဖော် အဆင့်မြှင့်တင်ပေးရမည့်အပြင် ရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်ရန်လိုအပ်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းချမှတ်ပေးရမည်ဖြစ်ပြီး အဓိကအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်းကိုလည်း ယူယီသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။


ဆက်လက်၍လည်း ယာယီသမ္မတက ရတနာပုံမြို့သစ်သည် မန္တလေးမြို့၏ အပူပိုင်းရာသီဥတုနှင့် ပြင်ဦးလွင်မြို့၏ အအေးပိုင်းရာသီဥတုအကြားတွင် တည်ရှိသောကြောင့် အိုင်တီလုပ်ငန်းများအတွက် သင့်တော်သည့်ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်သည့်အပြင် စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် အနားယူအပန်းဖြေရာ မြို့တော်ဖြစ်သည့် ပြင်ဦးလွင် မြို့အနီးတစ်ဝိုက်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်ခြင်း၊ သင့်တင့်မျှတသည့်ရာသီဥတုနှင့် ပတ်ဝန်းကျင်တို့ကြောင့် အစစအရာရာ သင့်တော် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့အတူ တည်နေရာ အနေအထားအရ အခြေခံကောင်းများရှိနေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်းနှင့် မြို့သစ်၏ အနီးဝန်းကျင်တွင်ရှိသည့် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးမြို့ အနီးပတ်ဝန်းကျင်ရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ လူ့စွမ်း အားအရင်းအမြစ်များကို Internship အလုပ်သင်အနေဖြင့် သုတေသနပြုလုပ်ရယူ အသုံးပြုနိုင်ပြီး မြေတောင်မြှောက်ပေးနိုင်သည့် အားသာချက်တစ်ခုအနေဖြင့် ရှိနေသည်ကို တွေ့ရသည်ဟုဆိုသည်။


ဒီဂျစ်တယ်မြန်မာနှီးနှော ဖလှယ်ပွဲနှင့်ပြပွဲကို ကျင်းပရသည့် ရည်ရွယ်ချက်များမှာ အစိုးရ၏အုပ်ချုပ်ရေးယန္တရား အပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုကို အရှိန် အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာ မြှင့်တင်ရန်၊ စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးရန်နှင့် နည်းပညာဂေဟစနစ်တစ်ခု တည်ဆောက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရတနာပုံမြို့သစ်တွင်ကျင်းပခြင်းဖြစ်ကြောင်းကိုလည်း ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

Report Page