Myanmar Hard Talk
MHTNEWS❝၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကိုယ်ဝန်ဆောင်နှင့် အသက် ၂ နှစ်အထိကလေးများအား ငွေကျပ်စုစုပေါင်း ၁၂၀၁၆ ဒသမ ၃၉၅ သန်း ထောက်ပံ့ပေးနိုင်ခဲ့❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟖》
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကိုယ်ဝန်ဆောင်နှင့် အသက် ၂ နှစ်အထိကလေးများအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) အကျိုးခံစားခွင့်ရှိသူ ၁၂၉၃၅၅ ဦးအတွက် ငွေကျပ်စုစုပေါင်း ၁၂၀၁၆ ဒသမ ၃၉၅ ကျပ်သန်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၏ ပြောကြားမှုအရ သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၆)တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ငွေများကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ တစ်ဆင့်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုယ်ဝန်ဆောင်နှင့် အသက် ၂ နှစ်အထိကလေးများအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT)ကို လူ့ဘဝအစရက် (၁,၀၀၀) ကာလအတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
အလားတူ ပြစ်မှုကျူးလွန်သည့် ကလေးသူငယ်များအတွက်လည်း ကလေးအခွင့်အရေးများရရှိစေရန် ကလေးသူငယ်ကြီးကြပ် သူ အစီရင်ခံစာများ တင်ပြဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child- UNCRC) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် UNCRC ပါ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး လေးရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို ကလေးသူငယ်တိုင်းရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာအမျိုးသားကော်မတီကို အဖွဲ့ဝင် ၄၀ ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကာ လုပ်ငန်းကော်မတီ ကိုလည်း အဖွဲ့ဝင် ၄၂ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း။
မွေးစမှ အသက် ၈ နှစ်အထိ ရှေးဦးအရွယ်ကလေး သူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး ဌာနမူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ခြင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို တည်ထောင်ခွင့်ပြုမိန့်များ ထုတ်ပေးပြီး ကြီးကြပ်ခြင်း၊ မိခင်ဝိုင်းများကို အားပေးအကူအညီပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။