Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ပြည်သူ့စစ်မှုထမ်းများထဲမှ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင် လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူး ဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၇၄ ဦးထိရှိပြီ❞


≋ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်မှုနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာ ဖော်ထုတ်၍ အရေးယူသွားရန် ကာကွယ်ရေးဝန်ကြီးပြောကြား≋


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟕》


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြသည့် ပြည်သူ့စစ်မှုထမ်းများထဲမှ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင် လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူး ဂုဏ်ပြုလက်မှတ်များရရှိခဲ့သူ ၇၄ ဦးထိရှိပြီဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ ပြောကြားမှုအရ သိရသည်။


ဖေဖော်ဝါရီ ၂၆ ရက်၊ မွန်းလွဲပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်လက်၍ စည်းကမ်းတကျဆင့်ခေါ် မှုကိုအလေးထားရန် လမ်းညွှန်ထားရှိမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။


အလားတူ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ် ရာတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် လူမှုဆက်ဆံရေးကောင်းမွန် စေရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများ မရှိစေရေး၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရေးတို့ အတွက်တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးရန်လိုကြောင်း ပြောကြားသည်။


ထို့အပြင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစားဆောင်ရွက်နေသူမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မမှန်သတင်းများဖြင့်လည်းကောင်း၊ တစ်ဆင့်ကြားသိရသည့် သတင်းမှားများဖြင့်လည်းကောင်း၊ တိုင်ကြားမှုများ ရှိနေသည်ကိုလည်းတွေ့ရှိရကြောင်း၊ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန် လိုအပ်ကြောင်း ပြောကြားသည်။


ထိုသို့ မမှန်မကန်တိုင်ကြားသဖြင့် တိုင်ကြားသူကို အရေးယူခဲ့ရသည်များလည်းရှိပြီး အရေးယူရန် ဆောင်ရွက်ဆဲအမှုများလည်းရှိသလို လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ မပို့ဆောင်မိ စုရပ်များတွင် စိစစ်ရာ၌ အသက်မပြည့်သေးသူများ၊အသက်ကျော် လွန်သူများတွေ့ရှိရသဖြင့် ပြန်လည်စေ လွှတ်ပေးခဲ့ရသည်များရှိသဖြင့် စစ်မှုထမ်းသက်နှင့် အကျုံးဝင်သူများကို သေချာစွာစိစစ်ဆင့်ခေါ်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကိုလက်တစ်လုံးခြား ဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများ မှန်ကန်ပါက ထိရောက်စွာ အရေးယူသွားနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် လက်ရှိအနေအထားတွင်လည်း အရေးယူပြီး အရေးယူဆဲအမှုများလည်း ရှိနေပါကြောင်း။


ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ပြည်သူလူထု အသိပညာပေးမှုများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ပေးရန်လိုကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန် ရန်နှင့် ရေရှည်တွင်မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံဖန်မှုစနစ် ( National Service Information Management System - NSIMS) ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။


ဗဟိုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက တင်ပြလာသည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက် ၍အလေးထားစိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ထိုသို့ခွင့်ပြုခဲ့သူများမှ ရွှေဆိုင်းခွင့်ပြုခဲ့သူများကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျမှတ်တမ်းရေးသွင်း၍ ပြန်လည်ဆင့်ခေါ်ရမည့်အချိန်တွင် ရာနှုန်းပြည့် ပြန်လည်ဆင့်ခေါ်နိုင်ရေး စနစ်တကျ ကြပ်မတ် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။


သတ်မှတ်အချိန် ကာလအတိုင်း ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး တပ်မတော်မှ နုတ်ထွက်ခဲ့သူများက ပြန်လည်နေရာချ ထားမှုခံယူလိုသူများအတွက် “စစ်မှုထမ်း တာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားကြောင်း၊ ယင်း စီမံခန့်ခွဲမှုကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ ငါးခုဖွဲ့စည်းထားရှိပြီး ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာသင်တန်းများပေး၍ အစိုးရ အမှုထမ်း ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ် အကိုင်များ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် ပြောကားခဲ့သည်ဟု သိရသည်။

Report Page