Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ နှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထား❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟔》


မြန်မာနိုင်ငံအနေဖြင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၆ ခုနှစ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် စီစဉ်ထားရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။


ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာရေးအတွက် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပြင် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ (FAM Trip) ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယင်းအစည်းအဝေးတွင် ပြောကြားသည်။


အလားတူ ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများတွင် ခရီးသွားဈေးကွက် မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နိုင်ငံတကာခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများကို ပါဝင်ပြသလျက်ရှိကြောင်းနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာအခြေခံသောစနစ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက ဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့အပြင် ဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း/ သင်တန်းကျောင်းအသိအမှတ်ပြုမှုအစီအစဉ် (Accreditation Program) များတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်လာကြရေးအတွက် တွန်းအားပေးဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက ဒေသအလိုက် ထုတ်ကုန်များနှင့် ဒေသထွက်အစားအစာများကို ခရီးသွားဆွဲဆောင်မှုများနှင့် တွဲဖက်ပြီး မြှင့်တင်ကြော်ငြာနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းဖြင့်လည်း တိုက်တွန်း ပြောကြားခဲ့သည်ဟု သိရသည်။

Report Page