Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ် လေ့ကျင့်ရေးအလုပ်ရုံဆွေးနွေးပွဲကို မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်၌ ပြုလုပ်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》


(၃၁)ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ(Pre-Conference Workshop)အဖြစ် (၁၀)ကြိမ်မြောက်၊ သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ် လေ့ကျင့်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၃ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊တပ်မတော်ဆေးတက္ကသိုလ်၊ သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးဌာနတွင် ကျင်းပပြုလုပ် ခဲ့သည်ဟု သိရသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို တပ်မတော်ဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ပါမောက္ခ/ဌာနမှူးများ၊ ကျန်းမာရေးဝန်ကြီး ဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များမှ ပါမောက္ခ/ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင်မည့် သင်တန်းသားများနှင့် သက်မဲ့ဆရာများ၏ မိသားစုဝင်များတက်ရောက်ကြသည်။


ဦးစွာ တပ်မတော်ဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများက သက်မဲ့ခန္ဓာအလှူရှင်များအကြောင်းမိတ်ဆက်တင်ပြကြပြီးနောက် သင်ကြားရေးဌာနများမှ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနမှူးများ၊ သင်တန်းသားများနှင့် သက်မဲ့ဆရာများ၏ မိသားစုဝင်များက သက်မဲ့ဆရာ(Silent Mentors)များအား ဂါရဝပြုအခမ်း အနားဆက်လက်ပြုလုပ်ကြသည်။ 


ထို့နောက် မွန်းလွဲပိုင်းတွင် ဘွဲ့လွန်သင်တန်းသားများက မျက်စိရောဂါဆိုင်ရာခွဲစိတ်မှုများနှင့် ဘွဲ့ကြိုသင်တန်းသားများက အခြေခံခွဲစိတ်မှုနည်းလမ်းများကို အုပ်စုခွဲ၍ လက်တွေ့ခွဲစိတ်လေ့ကျင့်ခန်းများဆောင်ရွက်ကြသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ (Pre-Conference Workshop) ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ပြီး မှန်ပြောင်းဖြင့်အစာအိမ်၊ အူလမ်းကြောင်းခွဲစိတ်ကုသခြင်း၊ ပခုံးနှင့်လက်မောင်း အာရုံကြောများ ခွဲစိတ်ကုသခြင်း၊ ရင်ခေါင်းကို အပေါက်ဖောက်၍ အစာရေမျိုပြွန် ခွဲစိတ်ကုသခြင်း၊ ဆီးအိမ်ကိုဖယ်ထုတ်ပြီး ဆီးလမ်းကြောင်းလွှဲပြောင်းခွဲစိတ်ကုသခြင်း၊ ရင်သားခွဲစိတ်ကုသခြင်း၊ အသံအိုးကိုဖြတ်ထုတ်ခွဲစိတ်ကုသခြင်း၊ အလုပ်သင်ဆရာဝန်များအတွက် အရေးပေါ်ခွဲစိတ်ကုသမှုလေ့ကျင့်ခြင်း၊ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများအတွက် ခန္ဓာဗေဒလက်တွေ့လေ့လာခွဲစိတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် ခွဲစိတ်လေ့ကျင့်မှုများကို နေ့အလိုက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Report Page