Myanmar Hard Talk
MHTNEWS❝အာဆီယံမှ ပေးအပ်သော ဆုပေါင်း ၁၄ ဆုထက်မနည်း ရရှိထားသည့် ဘားအံ့မြို့က ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ထပ်မံရရှိ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》
ကရင်ပြည်နယ်က ဘားအံမြို့အနေဖြင့် အာဆီယံမှ ပေးအပ်သော ဆုပေါင်း ၁၄ ဆုထက်မနည်း ရရှိထားပြီးနောက် ယခုအခါ ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ထပ်မံရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist Award) ဆုကို ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်၌ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဆုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြည်နယ်အစိုးရထံ ပေးအပ်ခဲ့သည်။
ဘားအံမြို့အနေဖြင့် ယခု ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်ဆုအပြင် ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများဆု၊ ၂၀၂၄ ခုနှစ်အတွက် အာဆီယံအစိမ်းရောင်ဟိုတယ်များစံနှုန်းဆု ၁ ဆု၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအများပြည်သူသုံးသန့်စင်ခန်းများစံနှုန်းဆု ၁ ဆု၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအစိမ်းရောင်ဟိုတယ်များစံနှုန်းဆု ၁ ဆုနှင့် အာဆီယံရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းစံနှုန်းဆု ၁၀ ဆုတို့ကို အသီးသီးရရှိခဲ့ပြီးဖြစ်သည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာ၊ လမ်းများ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ခရီးစဉ်ဒေသတွေ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားလုပ်ငန်း တစ်နှစ်ထက်တစ်နှစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များမှ လိုအပ်မှုများ ပူးပေါင်းပါဝင်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဆုတံဆိပ်လွှဲပြောင်းပေးအပ်ပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။
ကရင်ပြည်နယ်အတွင်းသို့ ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသည် ၄၆၉၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့သလို ၂၀၂၅ ခုနှစ်တွင် ၆၉၀၉၀၀ ကျော် လာရောက်လည်ပတ်ခဲ့သဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ဝင်ငွေ ၉၄ ဒသမ ၆၃ ရာခိုင်နှုန်း တိုးတက် ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။