Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာစေရေး အရေးကြီးသည့်အတွက် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးပြောကြား❞


≋ပြည်သူလူထုမှ ကျန်းမာ‌ရေးအတွက် ကိုယ်တိုင်စိုက်ထုတ် ကျခံသုံးစွဲရသည့် ငွေကြေးကုန်ကျမှု လျော့နည်းစေရေး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ထားရမည်ဟုဆို≋


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟒》


၂၀၃၀ ပြည့်နှစ်တွင် ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals)အနက်မှ ကျန်းမာရေးနှင့် သက်ဆိုင်သည့် SDG များကို ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာစေရေးအတွက် လာမည့် ၅ နှစ်တာကာလသည် အရေးကြီးသည့်သဖြင့် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။


၂၀၃၀ ပြည့်နှစ်တွင် ရည်မှန်းချက်ပြည့်မီရမည့် ကျန်းမာရေးအညွှန်းကိန်းများနှင့် စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ပုံမှန်စောင့်ကြည့် ကြီးကြပ်ဆန်းစစ် သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။


အလားတူ မကြာသေးမီက ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေ ၂၀၂၆ ခုနှစ်ကို ပြဋ္ဌာန်းပြင်ဆင်ခဲ့ပြီးဖြစ်သည့်အတွက် ဥပဒေပြင်ဆင်ချက်တွင်ပါရှိသည့် လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစီးဌာနအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက အီလက်ထရွန်နစ်အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရွန်နစ် စီးကရက်၊ ယင်းအီလက်ထရွန်နစ် စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၉)အရ အ‌ရေးကြီးကုန်စည်အဖြစ် သတ်မှတ်၍ တားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်သဖြင့် တားမြစ်မိန့်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များကို ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သဖြင့် လာမည့် ငါးနှစ်တာကာလအတွင်း မိမိတို့၏အဓိကရည်မှန်းချက်ဖြစ်သည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လူတိုင်းလက်လှမ်းမီရရှိစေရေးနှင့် ပြည်သူလူထုမှ ကျန်းမာ‌ရေးအတွက် ကိုယ်တိုင်စိုက်ထုတ် ကျခံသုံးစွဲရသည့် ငွေကြေးကုန်ကျမှု လျော့နည်းစေရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Report Page