Myanmar Hard Talk
MHTNEWS❝ချင်းပြည်နယ်၌ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများသည် အခြားတိုင်းဒေသကြီး / ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်နှိုင်းယှဉ်ပါက လိုအပ်ချက်များရှိနေသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောကြား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟎》
ချင်းပြည်နယ်၌ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများသည် အခြားတိုင်းဒေသကြီး / ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်နှိုင်းယှဉ်ပါက လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
ဖေဖော်ဝါရီ ၉ ရက်၊ မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဥ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို professional ပီသစွာ ထမ်းဆောင်ရန် တာဝန်ရှိကြောင်း ဆက်လက်ပြောကြားသည်။
အလားတူ နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပါရှိကြောင်း ပြောကြားခဲ့သလို ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေးသည် ကွာခြားကြောင်း၊ ပါတီနိုင်ငံရေးသည် ပါတီတစ်ခု၏အကျိုးစီးပွားကို ဆောင်ရွက်ခြင်းဖြစ်ပြီး အမျိုးသားနိုင်ငံရေးသည် သာမန်အားဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း ကာကွယ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက မည်သည့်အစိုးရတက်တက် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ကို တာဝန်ခံပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ထားသည့်ဥပဒေ၊ နည်းဥပဒေများကို ကိုးကားပြီး မိမိတို့ ဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။