Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ငွေသားအသုံးပြု၍ ငွေပေးချေမှုစနစ်မှ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless System သို့ တက်လှမ်းလျက်ရှိကြောင်း ဗဟိုဘဏ်အသိပေး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟏𝟗》


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများအနေဖြင့် ငွေသားအသုံးပြု၍ ငွေပေးချေမှုစနစ်မှ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless System သို့ တက်လှမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။ 


အဆိုပါ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless System သည် ငွေသားအသုံးပြုမှုနည်းပါးပြီး Banking စနစ်ကို အခြေခံသော Mobile Banking Payment/ Digital စနစ်ကိုအခြေခံသော Digital Payment များကို လူအများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် အကျိုးရှိသည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်သည်ဟုဆိုသည်။ 


ထိုသို့သုံးစွဲခြင်းဖြင့် ငွေကြေးစီးဆင်းမှုမြန်ဆန်လာခြင်း၊ ငွေကြေးလွှဲပြောင်းမှုများတွင် ပွင့်လင်းမြင်သာမှု ရှိလာခြင်း၊ အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်း(MSMEs) များ တရားဝင်ဘဏ္ဍာရေးစနစ် (Formal Economy) အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်း၊ ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသည့် ကျေးလက်နေပြည်သူများအထိ ဘဏ္ဍာရေး အခွင့်အလမ်းများကို သုံးစွဲလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်ဟုလည်း ဆိုထားသည်။ 


အဆိုပါ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless Society ဆောင်ရွက်ရာတွင် စနစ်ကျနမှု၊ အကျိုးအများဆုံး ရရှိစေရေးအတွက် နိုင်ငံတကာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၏ (Unified Payment Interface - UPI) စနစ်မှတစ်ဆင့် လမ်းဘေးဈေးသည်အထိ QR ဖြင့် အချိန်နှင့်တစ်ပြေးညီ ငွေပေးချေနိုင်သည့် ခိုင်မာသော Infrastructure ကို တည်ဆောက်ခဲ့မှုများ၊ ထိုင်းနိုင်ငံ၏ PromptPay နှင့် National QR စနစ်မှတစ်ဆင့် နိုင်ငံဖြတ်ကျော်ငွေပေးချေမှု (Cross-border QR Linkage) အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများ၊ စင်္ကာပူနိုင်ငံ၏ Regulatory Sandbox နှင့် Cloud Governance မူဝါဒများ မှတစ်ဆင့် ဆန်းသစ်တီထွင်မှု (Innovation) နှင့် စည်းမျဉ်းစည်းကမ်း (Regulation) ကြား မျှတအောင် ညှိနှိုင်းနိုင်ခဲ့မှုများကို စနစ်တကျလေ့လာ၍ အားသာချက်များကို ထုတ်နှုတ်ဆောင်ရွက်ခဲ့ခြင်းဖြင့် အကောင်းဆုံးများကို စုစည်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ 


ဗဟိုဘဏ်အနေဖြင့် Innovation ကို အားပေးသကဲ့သို့ Financial Stability နှင့် Consumer Protection ကိုလည်း ခိုင်မာစွာ ထိန်းသိမ်းသွားမည့် အစီအမံများ ထည့်သွင်းသွားမည်ဖြစ်ကြောင်းကိုလည်း ဗဟိုဘဏ်က အသိပေးထားသလို ပြည်သူများအနေဖြင့် ငွေသားအခြေပြုငွေပေးချေမှုများ Cashless Payment များလျော့ချပြီး Digital Payment များကို တိုးချဲ့အသုံးပြုခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Report Page