Myanmar Hard Talk
MHTNEWS❝ဒလတံတားပေါ် ကွမ်းတံတွေးထွေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊ ယာဉ်ရပ်နားခြင်း မပြုကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန အသိပေး❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟏𝟕》
မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားအသုံးပြုမည့် ခရီးသွားပြည်သူများအနေဖြင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း၊အမှိုက်စွန့်ပစ်ခြင်း၊ တံတားပေါ်၌ ယာဉ်ရပ်နားခြင်း မပြုကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံ အသိပေးထားသည်။
တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တံတားအဝင်တိုးဂိတ်ဧရိယာ၊ တံတားချဉ်းကပ်လမ်းများနှင့် ပင်မတံတားပေါ်တွင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊တံတားဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)တို့မှ ဝန်ထမ်းများက လူအား၊ စက်စွမ်းအားများ အသုံးပြုကာ နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါတံတားပေါ်သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှမြို့တော်ဧရိယာအတွင်း သွားလာခွင့်ပြုထားသော ကားအမျိုးအစားများကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီဖြစ်သလို ကုန်မြို့မှ ဒလမြို့သို့ YBS ယာဉ်လိုင်းအမှတ် ၂၉၊ ၃၆၊ ၇၂၊ ၁၀၈၊ ၁၄၅တို့ဖြင့် စုစုပေါင်းယာဉ်အစီး ၃၀ ကိုတံတားပေါ်မှ ဖြတ်သန်းပြေးဆွဲခွင့်ပြုထားသည်ဟု သိရသည်။
အဆိုပါ မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားဖြတ်သန်းခွင့်ကို တံတားစတင်ဖွင့်လှစ်ပြီးချိန်တွင် နံနက်၆ နာရီမှ ည ၈ နာရီအထိသာ ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ဖေဖော်ဝါရီ၁၂ ရက်မှ စတင်ကာ နံနက် ၄ နာရီမှည ၁၀ နာရီအထိ အချိန်တိုးမြှင့် သတ်မှတ်ပေးထားသည်ဟုလည်း သိရသည်။