Myanmar Hard Talk
MHTNEWS❝ရထားလက်မှတ်များကို Online မှ ဝယ်ယူသူများ ခုံနံပါတ်ထပ်နေသည့်ပြဿနာများနှင့် ကြုံတွေ့နေရဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟏𝟑》
ရထားလက်မှတ်များကို Online Railways Ticketing and Payment System(ORTP) စနစ်ဖြင့် Online မှ ဝယ်ယူသူအချို့ ခုံနံပါတ်ထပ်နေသည့်ပြဿနာများဖြင့် ကြုံတွေနေရသည်ဟု ရထားစီးခရီးသည်အချို့ထံမှ သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System-ORTP) ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။
❝အွန်လိုင်းကနေ ရထားလက်မှတ်ဝယ်တယ်ဆိုတာ တခြားသူမဝယ်ရသေးဘဲ လွတ်နေတဲ့ခုံကိုပဲ ဝယ်လို့ရတာလေ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် မြန်မာ့မီးရထား Website ထဲကိုဝင်ပြီး သတ်မှတ်ထားတဲ့အဆင့်အတိုင်း လုပ်တယ်ပေါ့။ အဲဒီမှာ ခုံနံပါတ်ရွေးတဲ့အခါ စိမ်းနေတဲ့နံပါတ်တွေက ခုံအလွတ်ပေါ့။ အဲဒီအထဲက ကိုယ်ကြိုက်တဲ့နံပါတ်ကို ရွေးဝယ်လိုက်တယ်။ အဲ့ဒီမှာ ပြဿနာက ရထားပေါ်ရောက်တဲ့အခါ ကိုယ့်ခုံနံပါတ်က တခြားသူကလည်း ဝယ်ထားပြီးသားဖြစ်နေတာ။ အဲ့တော့ တာဝန်ရှိတဲ့သူကိုပြောပြတော့ ကိုယ်ဝယ်ထားတဲ့ခုံနံပါတ်မဟုတ်ပေမယ့် တခြားခုံကိုပြောင်းပေးတာမျိုးတော့ လုပ်ပေးတယ်။ ဒါက ရထားလူမပြည့်လို့ ခုံအလွတ်ရှိနေတဲ့ရက်တွေမှာ အဆင်ပြေပေမယ့် အဲ့လို ခုံအလွတ်မရှိတဲ့အခါ ပြဿနာတက်တော့တာပဲ။ အခု ကျွန်မကိုယ်တိုင် အပြင်ထွက်ပြီး မတ်တပ်ရပ်နေရတယ်။ ကျွန်မလိုပဲ ခုံနံပါတ်ထပ်နေတဲ့ခရီးသည်တွေ အများကြီးပဲ။ ရှေ့အတွဲမှာဆိုရင် ခုံနံပါတ်တစ်ခုတည်းကို ဝယ်ထားတဲ့သူက ၇ ယောက်လောက်ရှိတယ်။❞ ဟု နေပြည်တော်-ရန်ကုန် ပြေးဆွဲနေသည့် DEMU (ဂျပန်) အမြန်ရထား စီးနင်းခဲ့သူ ခရီးသည်အမျိုးသမီးတစ်ဦးက MHT News ကို ပြောပြသည်။
ထိုသို့ ဖြစ်ရခြင်းနှင့်ပတ်သက်၍လည်း အဆိုပါခရီးသည်အမျိုးသမီးက ဆက်လက်ပြောပြသည်။
❝ဒါနဲ့ပတ်သက်လို့ ကျွန်မတို့က တာဝန်ရှိတဲ့သူတွေကိုမေးကြည့်တော့ System Error ကြောင့်ဖြစ်တာပါလို့ ပြောပြတယ်။ အဲ့ဒါလည်း ဖြစ်နိုင်ချေများတာတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျွန်မတို့ဝယ်ထားတဲ့ ခုံနံပါတ်တွေက နောက်ရက်မှာ ပြန်ကြည့်တဲ့အခါ စိမ်းနေတာတွေ့ရတယ်။ ဆိုလိုတာကတော့ ခုံအလွတ်ဖြစ်နေတာပေါ့။ ခုံအလွတ်ဖြစ်နေတော့ တခြားခရီးသည်ကလည်း ဝယ်တာပေါ့နော်။ အဲလို ဝယ်တဲ့သူက များလာတော့ ခုံနံပါတ်တစ်ခုတည်းမှာ ပိုင်ရှင်က အများကြီးဖြစ်နေတဲ့သဘောပဲ။ ဒီပြဿနာက ရန်ကုန်ဘူတာကြီးတို့၊ နေပြည်တော်ဘူတာကြီးတို့မှာ ဖြစ်တာဆိုရင်တော့ အဆင်ပြေအောင် တစ်ခုခုလုပ်ပေးလို့ရပေမယ့် ကြားဘူတာကတက်တဲ့သူတွေကျတော့ ဒုက္ခရောက်တာပေါ့။ တချို့ဆို နှစ်ယောက်ခုံမှာ သုံးယောက်တွေစုထိုင်ကုန်ရော။ တချို့ကျတော့ ပြဿနာရှာကြတာပေါ့။ အခုဆိုရင်ပဲ ရထားဂတ်ဗိုလ်ကိုယ်တိုင် သူ့ခုံမှာသူမထိုင်ရဘူး။ ခရီးသည်တစ်ယောက်ကို ပေးလိုက်ရတာတွေ့တယ်။ ဒါက System Error ကြောင့်ဖြစ်တာဆိုရင်လည်း အမြန်ဆုံးပြင်ဆင်ဖို့ လိုအပ်မယ်။ ကြာလာရင် မကောင်းဘူးလေ။ ခရီးသည်တွေလည်း ဒုက္ခရောက်တယ်။❞ ဟု ၎င်းကဆိုသည်။
အဆိုပါ ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System-ORTP) ကို ရှေ့ပြေးစမ်းသပ်မှုအစီအစဉ် (Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြေးဆွဲပေးသည့် အမှတ် (၁၁) အဆန်/ (၁၂) အစုန် (ရန်ကုန်-မန္တလေး - ရန်ကုန်) လူစီးအမြန်ရထား၊ အမှတ် (၇) အဆန် / (၈) အစုန် (ရန်ကုန်-နေပြည်တော်- ရန်ကုန်) DEMU အမြန်ရထား၊ အမှတ် (၃၁) အဆန်/ (၃၂) အစုန် (ရန်ကုန်-နေပြည်တော်-ရန်ကုန်) DEMU အမြန်ရထားနှင့် အမှတ် (၂၇) အဆန်/ (၂၈) အစုန် (မန္တလေး-နေပြည်တော်-မန္တလေး) လူစီးအမြန်ရထားခရီးစဉ်များ၏ ရထားလက်မှတ်များကို ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ORTP စနစ်ဖြင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ လူစီးအမြန်ရထားများ စီးနင်းလိုက်ပါရန် လက်မှတ်များ ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံး စီးနင်းလိုက်ပါလိုပါက ၇ ရက်ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများမှ စီးနင်းလိုက်ပါလိုပါက ၃ ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ပြီး ရထားထွက်ခွာဆိုက်ရောက်ချိန်များ၊ ရပ်တန့်ဘူတာများ၊ လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းပင်ဖြစ်သည်။
အဆိုပါစနစ်ကို အသုံးပြုမည်ဆိုပါက မိမိအသုံးပြုလိုသည့် Browser တစ်ခုခုတွင် ( ortp.railways.gov.mm )ဆိုသည့် Link ကို ရိုက်နှိပ်၍ စနစ်သို့ လွယ်ကူစွာ ဝင်ရောက်နိုင်မည်ဖြစ်သည့်အပြင် စနစ်အတွင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်ရန် ပြုလုပ်ထားသော QR Code ကို မိမိလက်ကိုင်ဖုန်းဖြင့် Scan ဖတ်၍လည်း ဝင်ရောက်နိုင်ပြီး ၎င်းစနစ် အသုံးပြုပုံအဆင့်ဆင့် အသိပညာပေးခြင်းအစီအစဉ်နှင့် စနစ်သို့ ဝင်ရောက်နိုင်သည့် Link နှင့် QR Code တို့ကို မြန်မာ့ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့မီးရထား Website နှင့် ဘူတာရုံအသီးသီးတို့တွင် ကြေညာအသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
ခရီးသွားပြည်သူများအနေဖြင့် Online မှ လက်မှတ်များ ဝယ်ယူရန် အခက်အခဲတစ်စုံတစ်ရာရှိပါကလည်း သက်ဆိုင်ရာဘူတာ ရုံ/ လက်မှတ်ရုံများသို့ လာရောက်၍လည်း အဆိုပါစနစ်အသုံးပြုပြီး ဝယ်ယူရရှိနိုင်ရန် စီစဉ်ပေးထားကြောင်း၊ ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက မြန်မာ့မီးရထား၏ Hotline ဖုန်းအမှတ် - ၁၁၈၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း မြန်မာ့မီးရထားမှ သိရသည်။