Myanmar Hard Talk
MHTNEWS❝ရန်ကုန်တိုင်းဒေသကြီးအဖိုးတန် သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် အပါအဝင် ရွှေဆိုင်ပိုင်ရှင် ၃ ဦးတို့ကို အရေးယူမည်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟓》
ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို သိုလှောင် ဖြန့်ဖြူးရောင်းချနေသည့် ရန်ကုန်တိုင်းဒေသကြီးအဖိုးတန် သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ ၃ ဦးကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်အသိပေးထားသည်။
ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိအခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရန် သိုလှောင်ထားရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသလို ဦးမျိုးသူဝင်းအနေဖြင့်လည်း ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
အလားတူ ဦးနေမျိုးထက်အနေဖြင့်လည်း ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟုဆိုသည်။
၎င်းတို့ ၃ ဦးအနေဖြင့် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန်တာဝန်ရှိသူများဖြစ်လျှက်နှင့် ၎င်းတို့ကိုယ်တိုင်က ယခုလို ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ခြင်းသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့် ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့ ၃ ဦးအပေါ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့်ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးသတင်းထုတ်ပြန်ထားသည်။