Myanmar Hard Talk
MHTNEWS❝မဲခေါင်သိပ္ပံ၏ အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) ရာထူး မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟑𝟎》
မဲခေါင်သိပ္ပံ (Mekong Institute-MI) ၏ အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) ရာထူးနေရာအတွက် စိတ်ပါဝင်စားပြီး သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ မဲခေါင်သိပ္ပံ (Mekong Institute-MI) ၏ လက်ရှိအမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) သက်တမ်းမှာ ၂ဝ၂၆ ခုနှစ် ဩဂုတ်လတွင် ကုန်ဆုံးမည်ဖြစ်သဖြသ့် Executive Director အသစ်ရွေးချယ်ခန့်အပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
လျှောက်ထားသူများအနေဖြင့် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းများနှင့် ပြည့်စုံရန် လိုအပ်မည်ဖြစ်သလို မဲခေါင်ဒေသခွဲ၏ လူမှု-စီးပွားအခြေအနေနှင့် ပထဝီနိုင်ငံရေး အနေအထားများနှင့် စပ်လျဉ်း၍ သိရှိနားလည်သူဖြစ်ရန်လည်း လိုအပ်မည့်အပြင် မဲခေါင်သိပ္ပံကောင်စီ၊ ဦးဆောင်ကော်မတီနှင့် အလှူရှင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုအား အကျွမ်းတဝင်ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်သည်။
အလားတူ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများအား မဲခေါင်သိပ္ပံ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပိုင်နိုင်စွာရှင်းလင်းတင်ပြနိုင်ရန် လိုအပ်မည်ဖြစ်ပြီး ဖွံ့ဖြိုးရေးစီမံချက်များ၊ သုတေသနအဖွဲ့အစည်းများတွင် ဦးဆောင်လုပ်ကိုင်ဖူးသည့် အတွေ့အကြုံအနည်းဆုံး ၁၅ နှစ် ရှိရန်လိုအပ်ရမည့်အပြင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် အသက် ၆၀ နှစ်အောက်ဖြစ်ရန် လိုအပ်မည်ဖြစ်သည်။
ထို့အပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ စီမံခန့်ခွဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ ပညာရေးစသည့် နယ်ပယ်များတွင် မဟာဘွဲ့ရရှိသူဖြစ်ရန်နှင့် မဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) အဖွဲ့ဝင်နိုင်ငံများတွင် နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံကွန်ကင်းမြို့ရှိ မဲခေါင်သိပ္ပံရုံးချုပ်၌ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရန် လိုအပ်မည်ဖြစ်သည်။
မဲခေါင်သိပ္ပံသည် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်တွင် လစ်လပ်မည့် အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) ရာထူးအတွက် မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လျှောက်ထားသူများအား ယှဉ်ပြိုင်မှုစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။
မဲခေါင်သိပ္ပံ၏ အမှုဆောင်ညွှန်ကြားရေးမှူး (Executive Director) ရာထူးသို့ လျှောက်ထားရန် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါရာထူးလျှောက်ထားရသည့် အကြောင်းရင်း၊ မဲခေါင်သိပ္ပံ၏ လုပ်ငန်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်နိုင်မည့် အဆိုပြုနည်းလမ်းများ၊ မဟာဗျူဟာများကို ထည့်သွင်းရေးသားထားသည့်အပေါ်စာ (Expression of Interest)၊ ကိုယ်ရေးအချက်အလက် (Curriculum Vitae) နှင့် ထောက်ခံချက်ပေးသည့်စာ (၃) စောင် (Letters of reference) တို့ကို recruitment@mekonginstitute.org သို့ တိုက်ရိုက်လိပ်မူ၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန (iosectionferd2020@gmail.com) သို့ မိတ္တူပေးပို့ကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့အတူ သိရှိလိုသည်များအား နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဖုန်း - ၀၆၇ ၃၄၀၇ ၃၄၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
မဲခေါင်သိပ္ပံ (Mekong Institute-MI) သည် မဲခေါင်ဒေသခွဲ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များကို အလေးထားဆောင်ရွက်သည့် ထိုင်းနိုင်ငံ ကွန်ကင်းမြို့တွင် အခြေစိုက်သော အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည်။
အဖွဲ့အနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုတို့ကို မြှင့်တင်ရန်အတွက် လူသားအရင်းအမြစ်နှင့် သင်ယူမှုအစီအစဉ်များကို အဓိကထား၍ ဒေသတွင်းစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘက်စုံပါဝင်ပတ်သက်သူများအကြား မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေးတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။