Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ဇီဝလုံခြုံရေးကဏ္ဍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-ရုရှား ဆွေးနွေး❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟑𝟎》


အာရှ-ပစိဖိတ်‌ဒေသအပါအဝင် ကမ္ဘာတစ်ဝန်း၌ ဇီဝလုံခြုံရေးဆိုင်ရာ နယ်ပယ်များတွင် ဖြစ်ပေါ်လျက်ရှိသည့် ခြိမ်းခြောက်မှုများအား သုတေသနပြု ဆန်းစစ်အကဲဖြတ်မှုများကို ပူးပေါင်းဖလှယ်နိုင်ရန် ရည်ရွယ်၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား တတိယအကြိမ်မြောက် ဇီဝလုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ကျင်းပခဲ့သည်ဟု သိရသည်။


ယခင်သမိုင်းကြောင်း အစဉ်အလာများ၊ ယခုခေတ် ဇီဝကပ်ဘေးအန္တရာယ်များကြောင့် လူသားမျိုးနွယ်တို့ ရေရှည်တည်တံ့စွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် ဇီဝလုံခြုံရေးသည် အထူးအလေးထား ဆောင်ရွက်ရမည့်ကဏ္ဍတစ်ခုဖြစ်ကြောင်း ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် အမျိုးသားအဆင့်အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့(Biological Weapon Convention/ BWC-National Authority)ဥက္ကဋ္ဌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယင်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။


ဆက်လက်၍လည်း ဒုဝန်ကြီးက တိရစ္ဆာန်နှင့်အပင်များ၊ မျိုးရိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများနှင့် ထုတ်ကုန်များမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော ကူးစက်ကပ်ရောဂါများ၊ ယင်းအပြင် AI အခြေပြု ဇီဝနည်းပညာပြုပြင်ဖန်တီးမှု များမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော ဇီဝဘေးအန္တရာယ် များကို ကင်းရှင်းစေရေးအတွက် မိမိတို့နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အရေးပါသောခြေလှမ်း တစ်ရပ်အနေဖြင့် ယနေ့ညှိနှိုင်းဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။


မြန်မာနိုင်ငံသည် ၁၉၇၂ ခုနှစ်တွင် BWC အဖွဲ့ဝင်အဖြစ် စတင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် BWC ပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာရမည်ကို ခိုင်မာသောလက်မှတ် (Ratification) ရေးထိုးခဲ့ကာ ၁၇၁ နိုင်ငံမြောက် BWC အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ရာမှ BWC ပြဋ္ဌာန်းချက်များနှင့် ကတိကဝတ်များကို လိုက်နာကျင့်သုံးလျက်ရှိပြီး နှစ်စဉ် ဧပြီ ၁၅ ရက်မတိုင်မီ နိုင်ငံအချင်းချင်း ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသောအချက်များ ဖြေကြားထားသည့် Confidence Building Measures(CBMs)ကို Implementation Support Unit သို့ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ရှစ်ကြိမ် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ဒုဝန်ကြီး၏ပြောကြားမှုအရ သိရသည်။


ယင်းနောက် အစည်းအဝေးသို့ တက်‌ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇီဝလက်နက်တားဆီးပိတ်ပင်ရေး စာချုပ်ပါ အခန်း(၁၀)ရှိ သိပ္ပံနှင့် နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကို ကိုးကားလျက် ဇီဝလုံခြုံရေးဆိုင်ရာ နယ်ပယ်များတွင် နှစ်နိုင်ငံ စည်းလုံးညီညွတ် စွာ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဇီဝလုံခြုံရေးဆိုင်ရာ ထိန်းချုပ်ဆောင်ရွက်မှုအခင်းအကျင်းများ မြှင့်တင်ဖော်ဆောင်ရေး၊ နိုင်ငံတကာဖိုရမ်များ ကျင်းပသွားနိုင်ရန်နှင့် အပြန်အလှန် ဆက်သွယ်ဖလှယ်မှုများ တည်ဆောက်သွားနိုင်ရေးမှသည် နှစ်နိုင်ငံလုံးရှိ ပြည်သူတို့၏ ဇီဝလုံခြုံရေး ပိုမိုခိုင်မာအားကောင်းမှုမှ ဘုံအကျိုးကျေးဇူးများကို ရရှိနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ အသိအမှတ်ပြုကာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲမှတစ်ဆင့် မြန်မာ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများပီပီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ခိုင်မြဲစေရေးကို ဇီဝလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမှ တစ်တပ်တစ်အား အထောက်အကူပြုနိုင်ရေး၊ နိုင်ငံ့ဇီဝလုံခြုံရေးကဏ္ဍကို ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရေးအတွက် ဇီဝနည်းပညာ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ကမ္ဘာ့ထိပ်တန်း ဇီဝလုံခြုံရေးနိုင်ငံဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များရရှိခဲ့ကြောင်း သိရသည်။

Report Page