Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ပြီးခဲ့သည့်နှစ်အတွင်းက အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇၃၆၉ ခုရှိပြီး မှတ်ပုံတင်လက်မှတ်ပေါင်း ၁၂၁၇၈ ခုထုတ်ပေးနိုင်ခဲ့ဟုဆို❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟑𝟎》


ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး ၅ ကြိမ်မှ ဆုံးဖြတ်ချက် ၃၉ ခုကို ချမှတ်နိုင်ခဲ့ပြီး ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇၃၆၉ ခုအနက် မှတ်ပုံတင် လက်မှတ်ပေါင်း ၁၂၁၇၈ ခုကို ထုတ်ပေးနိုင်ခဲ့သည်ဟု မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၏ ပြောကြားမှုအရ သိရသည်။


ဇန်နဝါရီ ၂၉ ရက်၊ မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ -၁ ၌ ကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး ၁/၂၀၂၆ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


ကန့်ကွက်ချက်များအပေါ် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ ခအရခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကိုများမကြာမီ အချိန်အတွင်း အဆုံးအဖြတ်ပြုရမည်ဖြစ်သည့်အတွက် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေပါကန့်ကွက်ခြင်း ဆိုင်ရာဆောင်ရွက်မည့်နည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။


ဆက်လက်၍လည်း ဒုဝန်ကြီးက မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ပါက အေဂျင်စီထံ အယူခံဝင်လာသည့်အမှုများကို ဖြေရှင်းနိုင်ရေးအတွက်ကုန် အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အယူခံစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရန်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ပညာရှင်ရရှိရေးကို ဆောင်ရွက်လျက်ရှိပြီး အယူခံ လျှောက်လွှာများ စနစ်တကျ လက်ခံဆောင်ရွက်နိုင်ရန်အတွက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရေးဆွဲပြုစုလျက်ရှိကြောင်း ပြောကြားသည်။


အလားတူ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်မှစတင်၍ စာပေနှင့်အနုပညာ မူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း -CMO များ ဖွဲ့စည်းဆောင်ရွက်၍ လျှောက်ထားနိုင်ကြောင်းကို မူပိုင် ခွင့် ဦးစီးဌာန၏ Website နှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ကြေညာခဲ့ပြီး CMO လျှောက်ထားခြင်းများကို စိစစ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း။


မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီလိုဂိုအတွက် ယှဉ်ပြိုင်သူများထံမှ ပေးပို့လာသော လိုဂိုဒီဇိုင်းများအနက် ဆုရလက်ရာရှင်ကို မကြာမီရွေးချယ်သွားမည်ဖြစ်ပါကြောင်းနှင့် အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေးသို့ တင်ပြထားသည့် အမှာစာများအပေါ်တွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအတွင်းရေးမှူးက အေဂျင်စီသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် အေဂျင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။


ယင်းနောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Report Page