Myanmar Hard Talk
MHTNEWS❝ပါမစ်မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၇ ဦးကို ထိုင်းအာဏာပိုင်များဖမ်းဆီး❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟑𝟎》
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit)မရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်ဖော်ပြချက်များအရ သိရသည်။
ဘော်ဝင်း စက်မှုဇုန်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားအများအပြား ခိုးခန့်ထားကြောင်း တိုင်ကြားချက်အရ ချွန်ဘူရီ အလုပ်အကိုင်ရှာဖွေရေးရုံးတာဝန်ရှိသူများက ဇန်နဝါရီ ၂၈ ရက်တွင် ချွန်ဘူရီခရိုင် သီရာချာမြို့နယ် ဘော်ဝင်းရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့စစ်ဆေးစဥ် အလုပ်သမားများ ထွက်ပြေးကြသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံသားနှစ်ဦး၊ တရုတ်နိုင်ငံသားနှစ်ဦး၊ တရားဝင်အလုပ်သမားကတ်ရှိသည့် မြန်မာနိုင်ငံသား ၅၃ ဦးနှင့် တရားမဝင် အလုပ်လုပ်ကိုင်နေသည့်မြန်မာနိုင်ငံသား ၂၇ ဦးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အနက် တရားမဝင် အလုပ်လုပ်ကိုင်နေသည့်မြန်မာနိုင်ငံသား ၂၇ ဦးတို့ကို ဖမ်းဆီးကာ အရေးယူနိုင်ရန် ဘော်ဝင်း ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။