Myanmar Hard Talk
MHTNEWS❝ပုစွန်မွေးမြူဧရိယာဧက ၁၁၃၀၀၀ ကျော်ရှိပြီး ဇီဝလုံခြုံရေးစနစ်အားနည်းခြင်းကြောင့် ရောဂါကျရောက်ခြင်း၊ မျိုးများ သွေးနီးမျိုးစပ်ခြင်းများဖြစ်ပေါ်ပြီး သားပေါက်အထွက်နှုန်း ကျဆင်းခြင်းများတွေ့ရှိရဟုဆို❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟐𝟒》
မြန်မာနိုင်ငံတွင် ပုစွန်မွေးမြူဧရိယာဧက စုစုပေါင်း ၁၁၃၀၀၀ ကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ရေချိုပုစွန်မွေးကန်ဧရိယာဧက ငါးထောင်ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ ရေချိုပုစွန်သားဖောက်ရုံများရှိသကဲ့သို့ အသားတိုးသီးသန့်မွေးမြူနည်းစနစ် (Mono culture)၊ ငါးပုစွန် ရောနှောမွေးမြူနည်းစနစ် (Poly Culture) ဖြင့် မွေးမြူလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောကြားမှုအရ သိရသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “ရေချိုပုစွန်သားဖောက်မွေးမြူရာတွင် ဇီဝလုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ရေချိုပုစွန်ထုတ်လုပ်မှုတိုးမြှင့်ခြင်း” စီမံကိန်းစတင်ခြင်းနှင့် ပုစွန်မွေးမြူသည့်အဖွဲ့အစည်းများ၊ ဆက်စပ်လုပ်ငန်းဌာနများပူးပေါင်းဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်၊ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပုစွန်မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေးစနစ်အားနည်းခြင်းကြောင့် ရောဂါကျရောက်ခြင်း၊ မျိုးများ သွေးနီးမျိုးစပ်ခြင်းများဖြစ်ပေါ်ပြီး သားပေါက်အထွက်နှုန်း ကျဆင်းခြင်းများတွေ့ရှိရသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ရေငန်ပုစွန်များ၌ White Spot Disease ၊ ရေချိုပုစွန်၌ White Tail Disease တို့သည် ပုစွန်မွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးအတွက် အဟန့်အတားတစ်ရပ်ဖြစ်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပြီး ရေငန်ပုစွန် (ကျားပုစွန်)နှင့် ရေချိုပုစွန်တုပ်ကြီး သားပေါက်ခြင်းလုပ်ငန်း၌ ရောဂါကျရောက်မှုများကြောင့် ဆုံးရှုံးနစ်နာမှုများ၊ ပြည်တွင်း၌ သားပေါက်ထုတ်လုပ် နိုင်မှုနည်းပါးလျက်ရှိသဖြင့် သားပေါက်ရှင်သန်မှုကောင်းမွန်စေရန် အစိုးရနှင့် ပုဂ္ဂလိက ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အလားတူ ယခုစတင်လိုက်သည့် “ရေချိုပုစွန်သားဖောက်မွေးမြူရာတွင် ဇီဝလုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ရေချိုပုစွန်ထုတ်လုပ်မှုတိုးမြှင့်ခြင်း” စီမံကိန်းသည် ပုစွန်မွေးမြူရေးလုပ်ငန်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရရှိနိုင်သကဲ့သို့ သက်ဆိုင်ရာကဏ္ဍအလိုက် စီမံကိန်းနှင့်ဆက်စပ်နေသောဌာနများအတွက် သုတေသနများ ရရှိနိုင်မည်ဟု ပြောဆိုထားသည်။
ယင်းစီမံကိန်းတွင် ပုစွန်မွေးမြူရေးလုပ်ငန်းတိုးတက်ရန်အတွက် ကဏ္ဍအလိုက်ချိတ်ဆက်ပြီး သုတေသနများပူးပေါင်းဆောင်ရွက်ခြင်း၊ ရရှိလာမည့် သုတေသနရလဒ်၊ နည်းပညာများကို ဖြန့်ဖြူးပေးခြင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူသူများနှင့် စီးပွားဖြစ် မွေးမြူထုတ်လုပ်သူများက ပုစွန် ရောဂါကျရောက်ပျံ့နှံ့မှုမရှိရေးအတွက် ဇီဝလုံခြုံရေးကောင်းစွာလိုက်နာကျင့်သုံးမွေးမြူခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ပုစွန်မွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။