Myanmar Hard Talk
MHTNEWS❝အကြမ်းဖက်သမားများလက်ချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတို့တွင် အရပ်သား သေဆုံးဒဏ်ရာရရမှုများ ဖြစ်ပေါ်ခဲ့❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟐𝟑》
တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် PDF အကြမ်းဖက်သမားလက်ချက်ဖြင့် အရပ်သားပြည်သူ သေဆုံးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းမှတ်တမ်းများအရ သိရသည်။
ဖြစ်စဥ်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်က လေးမိုင်ကျေးရွာနေ ဦးဇော်ဇော်မိုး(၃၃)နှစ်သည် ကျေးရွာ၏အရှေ့ဘက် ၁ ဖာလုံခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် ဥယျာဉ်ခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် မြိတ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။
အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာနေ ဒေါ်မြင့်ခိုင်(၄၆)နှစ်သည် ၎င်း၏နေအိမ် ခြံဝင်းအတွင်း လမ်းလျှောက်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟုဆိုသည်။
ထို့ပြင် ဇန်နဝါရီ ၂၂ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ကုန်းလမ်းဆုံသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ၎င်းနေရာအနီးရောက်ရှိနေသော မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် ဦးဝင်းအောင်(၅၀)နှစ်နှင့် ဦးမိုးဆန်းဦး (၃၉)နှစ်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီ ၂၁ ရက်၊ ည ၁၀ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြေနီကုန်းကျေးရွာနေ ရာအိမ်မှူး ဦးမြင့်ဌေး(၆၅)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမား ၈ ဦးရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် မိသားစုဝင်များမှ လိုက်လံရှာဖွေခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြေနီကုန်းကျေးရွာမှ လူးကျေးရွာသို့သွားသည့် လမ်းပေါ်၌ ဓားဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိရကြောင်းလည်း သိရသည်။