Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝PDF အဖွဲ့ဝင် ၂၄ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟐𝟑》


နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၄ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်ဟု သိရသည်။


အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ကလေးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့မှဖြစ်ကြသည်ဟု သိရပြီး ၎င်းတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ခဲ့သည်။


ယင်းအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာ ပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် Type-81 သေနတ် (၂) လက်၊ ၎င်းကျည်အိမ် (၄) ခု၊ ကျည် (၁၇) တောင့်၊ M-4 သေနတ် (၁)လက်၊ ၎င်းကျည်အိမ် (၁) ခုနှင့် ကျည် (၁၀) တောင့်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ တစ်ဦးလျှင် သိန်း (၂၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း (၄၈၀) နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်ဟု သိရသည်။

Report Page