Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ငွေစက္ကူအတုလုပ်ခိုင်းပြီး သုံးစွဲနေတဲ့ ဆရာတော်တစ်ပါးနဲ့ ငွေတုပြုလုပ်ပေးတဲ့ မိတ္တူဆိုင်ပိုင်ရှင်တို့ကို အရေးယူထားဟုဆို❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟐𝟐》


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ပြုလုပ်ပေးဖို့ မိတ္တူဆိုင်မှာစေခိုင်းပြီး ကိုင်ဆောင်သုံးစွဲနေတဲ့ ဘုန်းကြီးတစ်ပါးနဲ့ အဲဒီငွေတွေထုတ်လုပ်ပေးခဲ့တဲ့ မိတ္တူဆိုင်ပိုင်ရှင်တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ ထူးကြီးနယ်မြေရဲစခန်းမှာ အမှုရေးဖွင့်ထားတယ်လို့ သိရပါတယ်။ 


အမှုဖွင့်ခံရသူတွေက အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အုတ်ရှစ်ကုန်းအုပ်စု၊ မယင်းကုန်းကျေးရွာရှိ သီရိအောင်မြေကျောင်းတိုက်ရဲ့ တိုက်အုပ်ဆရာတော် ဥူးအာစရ(ခ) ဦးအောင်ဇော်မင်း (၄၂)နှစ်၊ ဝါတော်(၂ဝ)နှစ်နဲ့ မဲဇလီကုန်းမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဘူတာလမ်းရှိ “ကိုတာ မိတ္တူဆိုင်” ပိုင်ရှင် ဇေယျာမင်း(ခ)ကိုတာ ဆိုသူတို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။


အဲဒီဆရာတော် ဥူးအာစရ(ခ) ဦးအောင်ဇော်မင်း ဆိုသူကို ဇန်နဝါရီလ ၁၈ ရက်နေ့က သူသီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်ကနေ ဖမ်းမိခဲ့တာဖြစ်ပြီး သူ့အခန်းထဲကနေ တစ်သောင်းတန် နံပါတ်တူ နံပါတ် အမှတ် ဘဈ ၂၁၀၇၆၉၄၊ XI 2107694 ပါ ငွေစက္ကူအတု Colourနဲ့ (၂၇) ရွက်ကို တွေ့ရှိသိမ်းဆည်းရရှိခဲ့သလို ဥူးအာစရ ဝတ်ထားတဲ့ သင်္ကန်းအိတ်ကပ်အတွင်းကနေ တစ်သောင်းတန် နံပါတ်တူ Colourနဲ့ ငွေစက္ကူအတု (၃၀) ရွက်ကို ထပ်မံရှာဖွေတွေရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဥူးအာစရရဲ့ ထွက်ဆိုချက်အရ ငွေအတုပြုလုပ်ပေးခဲ့တဲ့ မိတ္တူဆိုင်ပိုင်ရှင် ဇေယျာမင်း(ခ)ကိုတာဆိုသူကို ထိန်းသိမ်းစစ်ဆေးတဲ့အခါ အမှန်အတိုင်းဝန်ခံခဲ့တဲ့အတွက် ၎င်းတို့နှစ်ဦးလုံးကို ထူးကြီးနယ်မြေရဲစခန်း(ပ)၂/၂၀၂၆ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုရေးဖွင့်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Report Page