Myanmar Hard Talk
MHTNEWS❝ဂမ်ဘီယာရဲ့ ဘောင်မဝင်တဲ့ သက်သေတွေကို မြောင်းထဲပစ်ချပြလိုက်တဲ့ မြန်မာနိုင်ငံရဲ့ ရှေ့နေ Ms. Chiara Cordone ရဲ့ လျှောက်လဲချက်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟏𝟖》
ဂမ်ဘီယာဟာ သက်သေအထောက်အထားနဲ့ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းတွေကို အငြင်းမပွားပေမယ့် လက်တွေ့မှာတော့ အဲဒါတွေကို လိုက်နာကျင့်သုံးခဲ့ခြင်းမရှိပါဘူး။ ဒီလိုပဲ ထင်မြင်ယူဆချက်ဟာ သက်သေအထောက်အထား ခိုင်မာမှုမရှိဘူးဆိုတာ လက်ခံပေမယ့်လည်း အဲဒီအထောက်အထားတွေကိုပဲ အကြိမ်ကြိမ်တင်ပြနေပါတယ်။ ပြီးတော့ တစ်ဆင့်ကြား သက်သေခံချက်တွေဟာ ခိုင်မာတဲ့သက်သေခံချက်မဟုတ်တာကို လက်ခံပေမယ့် အဲဒီ တစ်ဆင့်ကြား သက်သေခံချက်တွေကိုသာ အမြဲမပြတ် ကိုးကားတင်ပြနေပါတယ်။
နောက်တစ်ခုက ဂမ်ဘီယာအနေနဲ့ မီဒီယာဆောင်းပါးတွေမှာပါတဲ့ အချက်အလက်ကို သက်သေပြနိုင်တဲ့ သက်သေခံချက် မဟုတ်တာကို လက်ခံပေမယ့်လည်း အဲဒီ မီဒီယာဆောင်းပါးတွေကိုသာ ကျယ်ကျယ်ပြန့်ပြန့် ကိုးကားတင်ပြနေပါတယ်။ ဒီလိုပဲ သူတို့ဟာ FFM အစီရင် ခံစာတွေ၊ အခြားအဖွဲ့ အစည်းတွေနဲ့ NGO တွေရဲ့ အစီရင်ခံစာတွေကို အလွန်အမင်းကိုးကားထားပါတယ်။
ဒါကြောင့်မို့လို့ တရားရုံးအနေနဲ့ တစ်ဖက်မှ တင်ပြလာတဲ့ FFM, IIMM, UN အဖွဲ့အစည်းတွေနဲ့ NGO တွေရဲ့ အစီရင်ခံစာတွေမှာပါတဲ့ သက်သေအထောက်အထားတွေကို ဂရုတစိုက် သုံးသပ်ပြီး အဲဒီအထောက်အထားတွေရဲ့ ခိုင်မာမှုကို အလေးထားစိစစ်ပေးဖို့ လိုအပ်ကြောင်း တင်ပြလိုပါတယ်။
Armed Activities on the Territory of the Congo မှာ တရားရုံးအနေနဲ့ တရားဝင်အဖွဲ့အစည်းတစ်ခုရဲ့ အစီရင်ခံစာတစ်စောင်ကို ခိုင်လုံမှုရှိကြောင်း သုံးသပ်မယ်ဆိုရင် တိုက်ရိုက်ပါဝင်သူတွေကို စစ်ဆေးခြင်း နည်းလမ်းနဲ့ ရရှိတဲ့သက်သေခံချက်ပါဝင်ခြင်း၊ စစ်ဆေးရာမှာ ကျွမ်းကျင်သူတရားသူကြီးတွေက ပြန်လှန်စစ်မေးခြင်းဖြင့် ဆောင်ရွက်ခြင်း၊ ဘက်လိုက်မှု ကင်းမဲ့သူတွေက သက်သေခံချက်တွေရဲ့ မှန်ကန်မှုကို မေးခွန်းထုတ်ဖို့ မရှိခြင်းဆိုတဲ့ အခြေအနေတွေနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။
ဂမ်ဘီယာကတင်ပြတဲ့ အထူးသဖြင့် FFM, IIMM တို့ပါ သက်သေခံအထောက်အထားတွေအားလုံးဟာ အဆိုပါအခြေအနေတွေနဲ့ ကိုက်ညီမှုမရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ တရားရုံးအနေနဲ့ အဆိုပါအစီရင်ခံစာတွေကို ခိုင်မာတဲ့အထောက်အထားတွေအဖြစ် မှတ်ယူဖို့ မသင့်ပါဘူး။ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ သက်သေခံချက်တွေကို ခိုင်မာမှုရှိ မရှိ အကဲဖြတ်ရာမှာ အဆိုပါသက်သေခံချက် ပြုလုပ်တဲ့ပုံစံနဲ့ အခြေအနေတို့ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ဒီလိုပဲ အမည်ဖော်ပြပါရှိခြင်းမရှိတဲ့ သက်သေခံချက်တွေကိုလည်း သက်သေခံအဖြစ် လက်ခံဖို့မသင့်ပါဘူး။ တရားရုံးရဲ့ဆုံးဖြတ်ချက်မှာ အကျိုးခံစားခွင့်ရရှိမယ့် သက်သေရဲ့ သက်သေခံချက်ကိုလည်း တရားရုံးက အထူးဂရုပြု စိစစ်ဖို့လိုအပ်ပါတယ်။ ဂမ်ဘီယာဟာ မီဒီယာဆောင်းပါးတွေနဲ့ စာအုပ်တွေရဲ့ အားနည်းတဲ့ သက်သေခံတန်ဖိုးတွေကို အသုံးပြုပြီး အခြားသက်သေခံ အထောက်အထားတွေနဲ့ သက်သေမပြနိုင်တဲ့ အချက်အလက်တွေကို အထောက်အပံ့ဖြစ်စေဖို့အတွက် အသုံးပြုဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
သက်သေခံအထောက်အထားတွေ ခိုင်မာမှုရှိမရှိဟာ သက်သေပြဖို့ အမြင့်ဆုံးစံနှုန်းတွေကို လိုက်နာရမယ့် ဒီအမှုရဲ့ အဓိကအကြောင်းခြင်းရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တရားရုံးအနေနဲ့ ၎င်းရဲ့စီရင် ဆုံးဖြတ်ချက်တွေရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ဖြစ်ပေါ်စေဖို့အတွက် သက်သေပြဖို့ အမြင့်ဆုံးစံနှုန်းတွေကို တိကျစွာ လိုက်နာဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံက တင်ပြတောင်းဆိုအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။