Myanmar Hard Talk
MHTNEWS❝KNU /PDF အကြမ်းဖက်အုပ်စုလက်ချက်ဖြင့် အရပ်သား ၂ ဦးဒဏ်ရာရပြီး ၂ ဦးသေဆုံးသည့်ဖြစ်စဥ်များ တိုင်းနှင့်ပြည်နယ် ၃ ခုတွင်ဖြစ်ပေါ်ခဲ့❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟏𝟕》
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့၌ KNU /PDF အကြမ်းဖက်အုပ်စုလက်ချက်ဖြင့် အရပ်သား ၂ ဦးဒဏ်ရာရပြီး ၁ ဦးသေဆုံးသည့်ဖြစ်စဥ်များ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များမှာ ဇန်နဝါရီလ ၁၆ ရက်၊ နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာနေ ဦးရွှေတိုး(၅၇)နှစ်သည် ကျေးရွာ၏အရှေ့ဘက် ၃ ဖာလုံခန့်အကွာရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် KNU / PDF အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟုဆိုသည်။
အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကြေးခိုင်မကျေးရွာနေ ဒေါ်သီတာရီ(၃၅)နှစ်သည် ၎င်း၏ အစ်မဖြစ်သူ ဒေါ်လင်းလင်းခိုင်(၄၀)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၅ ဦး ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးလုံး သေဆုံးသွားခဲ့ကြောင်းသိရသည်။
ထို့အပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာနေ ကိုပြည့်ဖြိုးကျော် (၂၄)နှစ်သည် ဇန်နဝါရီလ ၁၆ ရက်နေ့က မဲလံကျေးရွာမှ နတ်ကြီးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မဲလံကျေးရွာနှင့် နတ်ကြီးကျေးရွာကြားအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရသည်ဟုလည်း သိရသည်။