Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ဆရာအတတ်သင်ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်များကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်သည်ကို တွေ့ရှိခဲ့ရသည်ဟု ယာယီသမ္မတပြောကြား❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟏𝟓》


နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးအတွက် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ၏ ပညာအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးခဲ့မှုများအရ သင်ကြားရေး ဆရာ၊ ဆရာမများအား ဘွဲ့လွန်ဘွဲ့များပေးအပ်နိုင်ရန် ဆရာအတတ်သင်ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်များကို တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်သည်ကို တွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


ဇန်နဝါရီ ၁၄ ရက်၊ မွန်းလွဲပိုင်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့အဆင့်မြှင်တင် ဆောင်ရွက်နိုင်ရန်အတွက် မိမိအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ခရီးစဉ်များရောက်ရှိချိန်တွင် ပညာရေးဒီဂရီကောလိပ်များကို လိုက်လံကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်မည့်အခြေအနေများကို လေ့လာခဲ့သည်ဟုလည်း ယာယီသမ္မတကဆိုသည်။


အလားတူ သတ်မှတ်ထားသည့် အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အလယ်တန်းပြ ဆရာ၊ ဆရာမများကိုလည်း အထက်တန်းပြဆရာ၊ ဆရာမများအဖြစ် မြှင့်တင်နိုင်ရန်လိုကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် ဆရာအတတ်သင်တက္ကသိုလ်အဖြစ် သုံးနှုံးမည်ဆိုပါက ကောင်းမွန်မှုရှိ/မရှိဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့ပြင် မူကြိုကျောင်းတက်သည့် ကလေးတိုင်းသည်မူလတန်းသို့ တက်ရောက်ကြသော်လည်း မူလတန်းတက်ရောက်သည့် ကလေးတိုင်းသည် မူကြိုကျောင်းတက်ရောက်ခဲ့ရမှုမရှိကြောင်း၊ KG+2၊ KG+ 3 တို့တွင်ပညာသင်ကြားသည့်ကလေးများ၏ ပညာသင်ကြားမှုစနစ်နှင့် KG နှင့် KG+1 တို့တွင်သင်ကြားကြသည့် ကလေးငယ်များကို ပညာသင်ကြား ပေးရမှုတူညီမှုမရှိကြသဖြင့် မူကြိုတက်ရောက်မှုမရှိခဲ့ဘဲ KG နှင့် KG+1 တို့တွင် တက်ရောက်သည့် ကလေးငယ်များအား ပညာသင်ကြားရေးကို အထောက်အကူပြုစေမည့် အသက်အရွယ်နှင့်ကိုက်ညီသည့် သင်ကြားမှုစနစ်ကို ဆောင်ရွက်ပေးရန်လိုကြောင်း။


ထို့ကြောင့် အခြေခံပညာမူလတန်းအဆင့်မှ ဆရာ၊ ဆရာမများအား ပညာရေး ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာသင်တန်းများ သင်ကြားပေးခြင်းဖြင့် KG နှင့် KG+1 တို့တွင် ပညာသင်ကြားလျက်ရှိသည့် ကလေးငယ်များ၏ သင်ကြားသင်ယူမှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။


အလားတူ အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ အချို့ကျောင်းများမှာ စံကိုက်ဖြစ်သော်လည်း အချို့ကျောင်းများမှာ ကျောင်းအင်္ဂါရပ်များနှင့်ပြည့်စုံမှုမရှိသည်ကိုတွေ့ရကြောင်း၊ မူလတန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၃ ဧကမှ ၅ ဧကအတွင်းရှိရမည်၊ အလယ်တန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၅ ဧက မှ ၇ ဧကအတွင်းရှိရမည်၊ အထက်တန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၇ ဧကမှ ၁၀ ဧကအတွင်း ရှိရမည်ဖြစ်ကြောင်း၊ အချို့ကျောင်းများမှာ ထိုသို့စံကိုက်ညီမှုမရှိခြင်းကြောင့် စာသင်ဆောင်များ ဆက်လက်တိုးချဲ့ဆောက်လုပ်ရန်အတွက် အခက်အခဲများရှိကြောင်း၊ တိုးတက်လာသည့် သင်ကြားမှုစနစ်နှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေများအရ စံကိုက်ညီမှုရှိသည့် အခြေခံပညာကျောင်းများအား သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ သပ်ရပ်စွာဖြင့် စနစ်တကျဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။


အခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိကကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများ အများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏သားသမီးများကို ပညာသင်ကြားစေကြကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေအဆင့်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့်ကျောင်းများဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာ၊ ဆရာမ များဖြစ်စေရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာများကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်လျက်ရှိခြင်းကြောင့် မိမိတို့အစိုးရတာဝန်ယူချိန်တွင် ခရိုင်မြို့များ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံကျောင်း များကိုဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ယခုအခါ အထိုက်အလျောက်အောင်မြင်မှုများ ရှိလာပြီဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံ ဗဟုသုတများသင်ကြားပေးရန် စီစဉ်နေကြောင်း၊ ထိုသို့ သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်အတွက်လိုအပ်သည့် လူသားအရင်းအမြစ်များ များစွာရရှိလာမည်ဖြစ်ကြောင်း။


ဆရာ၊ ဆရာမများအား ရာထူးခန့်ထားရေးနှင့်ပတ်သက်၍ ပညာရေးကောလိပ်များမှ သင်တန်းဆင်း ဆရာ၊ ဆရာမ များအားဆွဲဆောင်မှုရှိသည့် Incentive များပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများ၏ ဘွဲ့အရည်အချင်းများအလိုက် ခံစားခွင့်များကိုလည်း နိုင်ငံတော်မှချီးမြှင့်ပေးအပ်ထားကြောင်း၊ အလားတူဝန်ထမ်းများကိုလည်း ရရှိသည့်ဘွဲ့များအလိုက် ခံစားခွင့်များပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအား ထိုက်တန်သည့်အဆင့်များ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက်လည်း စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း။


ကျန်းမာရေးဝန်ထမ်းများနှင့်ပတ်သက်၍ ကုသရေးပါရဂူများနှင့် ဆရာဝန်များ၊ သူနာပြုများ၊ သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်သူနာပြုများရှိကြောင်း၊ ကျန်းမာရေးကဏ္ဍမြှင့်တင်မှုကို အထောက်အကူပြုနိုင်ရန်အတွက် သူနာပြုကျောင်းများအား တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အဆင့်မြှင့်တင်ဖွင့်လှစ်သွားရန်လိုအပ်ကြောင်း၊ ဆေးရုံများတွင် သူနာပြုများအား အဆင့်အလိုက် တာဝန်ပေးအပ်ထားပြီး ဆေးရုံများရှိ ကုတင်အရေအတွက် အနည်း၊ အများအလိုက် တာဝန်ပေးအပ်မှုများကွာခြား သွားသည်ကိုသိရှိရကြောင်း၊ ထို့ကြောင့် ထမ်းဆောင်ရသည့်တာဝန်များအလိုက် Grade များခွဲ၍ Grade များအလိုက် ခံစားခွင့်များကိုတိုးမြှင့်ပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင် ရွက်နိုင်မည်ဆိုပါက ပြည်သူ့ကျန်းမာရေးကဏ္ဍမြှင့်တင်မှုအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။


ဆရာအတတ်သင်တက္ကသိုလ်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ သင့်လျော်သည့် အသုံးအနှုန်းများရှိပါကလည်း တင်ပြပေးစေလိုကြောင်း၊ ဆရာအတတ်သင်တက္ကသိုလ် ဖွင့်လှစ်ရန်အတွက် နေရာများရွေးချယ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့ရာ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခရီးစဉ်များသွားရောက်စဉ်အတွင်း ပညာရေးဒီဂရီကောလိပ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ယင်းဒီဂရီကောလိပ်များအနက် ဆရာအတတ်သင်တက္ကသိုလ်များအဖြစ် ဖွင့်လှစ်ရန်ကောင်းမွန်သင့်လျော်မှုရှိသည့်မြို့များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

Report Page