Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ရန်ကုန်တိုင်းအတွင်းရှိ မဲရုံအချို့ကို ယာယီသမ္မတ လိုက်လံကြည့်ရှုစစ်ဆေး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟏𝟐》


 ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၂) အဖြစ် ကျင်းပနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံအချို့ကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရွေးကောက်ပွဲအပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်က နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း (၁၀၀) တို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယာယီသမ္မတအနေဖြင့် လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လသာမြို့နယ်တို့ရှိ မဲရုံများသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ သွားရောက်ကြည့်ရှု အားပေးခဲ့ခြင်းဖြစ်သည်။


ထိုသို့ကြည့်ရှုအားပေးရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် သက်ဆိုင်ရာမဲရုံများအလိုက်တွင် မဲရုံမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာပါဝင် ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ ကြုံတွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား နှုတ်ဆက်ခဲ့သည်။


ထိုကဲ့သို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့မှုအပေါ် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများကလည်း ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတနှင့်အဖွဲ့ဝင်များအား ရင်းနှီးနွေး ထွေးစွာ ပြန်လည်နှုတ်ဆက်ခဲ့ကြကြောင်းနှင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမှုခံစားချက် အတွေ့အကြုံများကို တင်ပြခဲ့ကြကြောင်း သိရသည်။

Report Page