Myanmar Hard Talk
MHTNEWS❝ဒေသလုံခြုံရေးနှင့် နိုင်ငံတော်လုံခြုံရေးကို အလေးအနက်ထားဆောင်ရွက်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို မှာကြား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉~𝟗》
ဟိုင်းကြီးကျွန်းတပ်နယ်အနေဖြင့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ဒေသလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်၍ အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ ဇန်နဝါရီ ၉ ရက်၊ နံနက်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် စစ်သည်တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်သန်စွမ်းမှု ရှိစေရေး၊ ရဲစွမ်းသတ္တိရှိစေရေးနှင့် တိုက်ပွဲဝင်နိုင်စွမ်းရှိစေရေး၊ ကိုယ်စီလုပ်ငန်းတာဝန်များနှင့် ကိုင်ဆောင်ရသည့်လက်နက်ပစ္စည်းများ ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်းလည်း မှာကြားသည်။
ထို့အပြင် တပ်နယ်အတွင်း တရားမဝင်သယံဇာတထုတ်ယူနေမှု များ၊ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်နေမှုများ၊ တရားမဝင်မှောင်ခိုသွားလာနေမှုများမရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက်လည်း အမြဲမပြတ်ကြပ်မတ်စိစစ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ကမ်းရိုးတမ်းဒေသဖြစ်သဖြင့် ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို တွက်ချက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍ မရနိုင်သော်လည်း ကြိုတင်ကာ ကွယ်ခြင်းအားဖြင့် ထိခိုက်ပျက်စီးမှုများကို အနည်းဆုံးဖြစ်စေနိုင်သဖြင့် ဒီရေတောများနှင့် သစ်တောများစိုက်ပျိုးခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို စနစ်တကျတွက်ချက်၍ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
အလားတူ တပ်နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုပြီး စဉ်ဆက်မပြတ်သည့် စိုက်ပျိုးမွေးမြူရေးစနစ်ဖြစ်စေရေး တွက်ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တပ်နယ်အတွင်း အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်ဖူလုံမှုအပြင် ပိုလျှံသည်များကို ဒေသခံပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားရန်လိုကြောင်း။
ဆက်သွယ်မှုအလှမ်းဝေးသည့်ဒေသတစ်ခုဖြစ်သဖြင့် အရာရှိ၊ စစ်သည်များ၏ သက်သာချောင်ချိရေးကိုသာမက မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသမှဒေသခံများ၏ သက်သာချောင်ချိရေးအတွက်ကိုလည်း ဖော်ဆောင်ပေးကြရန်လိုပြီး တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တပ်နယ်အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စ ရပ်များအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကို လည်း တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်ဟု သိရသည်။