Myanmar Hard Talk
MHT NEWS
❝ရမည်းသင်းဓာတ်အားခွဲရုံတည်ဆောက် ရေးစီမံကိန်းလုပ်ငန်းများ ပြီးစီးပါက ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများသို့ ဗို့အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည့်အပြင် စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ပါ ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဟုဆို❞
စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၆ ရက်၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ၆၆/၃၃/၁၁ ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ဟု သိရသည်။
ထိုသို့ သွရောက်စစ်ဆေးစဥ် ပြည်ထောင်စုဝန်ကြီးက ယခုလိုပွင့်လင်းရာသီတွင် တောင်သူများမှာလည်း သီးနှံရိတ်သိမ်းကာလဖြစ်သည့်အလျောက် မြို့ပြလုပ်ငန်းများဖြစ်သော မြေကျင်းတူးဖော်ခြင်း၊ တိုင်ထောင်ခြင်းလုပ်ငန်းများနှင့် ကြိုးဆွဲခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက်ဦးစားပေးဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများ ရေးဆွဲထားသည့်အတိုင်း သတ်မှတ်ချိန် ကာလအတွင်းပြီးစီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း မှာကြားသည်။
အဆိုပါ ၆၆/၃၃/၁၁ ကေဗွီ ၃၀ အမ်ဗွီအေ ရမည်းသင်းဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူ ပြည်သူများအား ဗို့အားပြည့်ဝစွာ ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့်အပြင် စက်မှုလက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်သည်။
ယခုအခါ အဆိုပါ စီမံကိန်းလုပ်ငန်းများ၏ ၉၀ ဒသမ ၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်ဟု သိရသည်။