MRTV News

MRTV News

ဘားအံသတင်းဌာနခွဲ

ဘားအံမြို့၌ ယာယီရေးဘေးကယ်ဆယ်ရေး စခန်း(၉)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၉၅၃)စုအား ပြောင်းရွှေ့နေရာချထားပေး

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၉၂ စင်တီမီတာသို့ ရောက်ရှိနေပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်များ၌ နေအိမ်များ ထပ်မံရေနစ်မြုပ်လျက်ရှိရာ ခရိုင်၊ မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက အောင်နန်း၊ အုတ်ဖို၊ ဝါဆိုဦး၊ ဆယ်အိမ်စု၊ လှာကမြင်ရပ်ကွက်များရှိ လူနေအိမ်များမှ အိမ်ထောင်စုများ၊ ပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်များအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီပြောင်းရွှေ့နေရာ ချထားပေးခဲ့ကြောင်း သိရသည်။

အဆိုပါမြစ်ရေကြီးမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဘားအံမြို့တွင် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများဖြစ်သည့် မိုးလုံလေလုံအားကစားရုံ၊ ဆိုင်ကလုံးရှပ်တာ၊ ကြားတောရ ဘုန်းတော်ကြီးကျောင်း၊ ရွှေယာဉ်မျှော်ဘုရား၊ အ-ထ-က(၃)ကျောင်း၊ အ-မ-က(၁၁)၊ အ-ထ-က(၁)၊ ပြည်နယ်ကမ္မဋ္ဌာန်း ကျောင်းနှင့် အမှတ်(၂)ဗလီကျောင်း စုစုပေါင်း ယာယီရေဘေးစခန်း(၉)နေရာတွင် အိမ်ထောင်စု (၉၅၃)စု ၊ ကျား (၂၂၁၄)ဦး၊ မ (၂၃၇၅)ဦး စုစုပေါင်း (၄၅၈၉)ဦးအား နေရာချထားပေးပြီး ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အလှူရှင်များမှ ဆန်ရိက္ခာထောက်ပံ့ငွေများ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များနှင့် ရေသန့်များ၊ အလှူငွေများ ပေးအပ်လှူဒါန်း ထောက်ပံ့ပေးအပ်လျက်ရှိပြီး ဘားအံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

Report Page