How can I move on
အချိန်ဆိုတာ သာမန်လူတွေအတွက်တော့ ကုစားစရာဆေးတစ်ခွက်ဖြစ်နိုင်ပေမယ့် အသက်မသေဘဲ ရာစုနှစ်ပေါင်းများစွာ ရှင်သန်နေရတဲ့သူတစ်ယောက်အတွက်တော့ အဆိပ်သင့်နေတဲ့ ထောင်ချောက်တစ်ခုလိုပါပဲ။ ဒါဟာ လက်တွေ့ဘဝမှာလည်း ကိုယ်ချစ်ရတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတာကို နောက်ချန်ရစ်ခဲ့တဲ့သူအနေနဲ့ ထိုင်ကြည့်နေရတဲ့ အထီးကျန်ဆန်မှုမျိုးနဲ့ သွားတူနေပါတယ်။ Pangaea Castle ရဲ့ အခန်းကျယ်ကြီးထဲမှာ ပလ္လင် ပေါ် ထိုင်ရင်း ၈၀၀ ဆိုတဲ့ နှစ်ကာလတွေကို ဖြတ်သန်းခဲ့ရတဲ့ Imu အတွက်တော့ ဒီခံစားချက်က အရိုးစွဲနေလောက်ပါပြီ။ အားလုံးက ဒီပလ္လင်ကို တန်းတူညီမျှမှုရဲ့ သင်္ကေတလို့ ထင်နေကြပေမယ့် တကယ်တော့ ဒါက လောကကြီးတစ်ခုလုံးကို အုပ်စိုးထားနိုင်ပေမယ့် ကိုယ့်ဘေးမှာ ဘယ်သူမှမရှိတော့တဲ့ သူတစ်ယောက်ရဲ့ အထီးကျန်မှု ပြယုဂ်တစ်ခုသာ ဖြစ်ပါတယ်။
Imu ရဲ့ ဒီလို အေးစက်စက် အထီးကျန်ဆန်မှုတွေကြားထဲမှာ အနှစ် ၈၀၀ တိုင်တိုင် မေ့ဖျောက်လို့မရဘဲ စူးဝင်နေတဲ့ ဆူးတစ်ချောင်းရှိပါတယ်။ အဲဒါကတော့ Nefertari D. Lily ပါပဲ။ ဇာတ်လမ်းထဲမှာဆိုရင် King Cobra က Lily ရဲ့ အကြောင်းကို စမေးလိုက်တဲ့အချိန်မှာပဲ Imu ရဲ့ အေးတိအေးစက်နိုင်လှတဲ့ ဟန်ပန်တွေ ပျက်သွားပြီး ချက်ချင်း သတ်ဖြတ်ပစ်တဲ့အထိ ဒေါသထွက်ခဲ့တာကို တွေ့ရပါတယ်။ Imu က Lily ရဲ့ လုပ်ရပ်ကို "အမှားတစ်ခု" လို့ သုံးနှုန်းခဲ့ပြီး Poneglyph တွေ ကမ္ဘာအနှံ့ ပြန့်ကျဲသွားတာဟာ Lily ကြောင့်လို့ ဆိုခဲ့ပါတယ်။ "D ဆိုတာ ငါတို့ရဲ့ ရှေးဟောင်းရန်သူပဲ" လို့ ပြောခဲ့တဲ့ စကားကလည်း Lily အပေါ်ထားတဲ့ နာကြည်းမှုနဲ့ သံယောဇဉ် ဘယ်လောက်နက်ရှိုင်းလဲဆိုတာကို ပြနေပါတယ်။ Luffy တို့၊ Blackbeard တို့ရဲ့ ပုံတွေကို ရက်ရက်စက်စက် ဓားနဲ့ထိုး ဖျက်ဆီးပစ်လေ့ရှိတဲ့ Imu က Lily ရဲ့ ပုံလေးကိုတော့ ဥယျာဉ်ထဲမှာ လိပ်ပြာလေးတွေနဲ့အတူ ဖွဖွရွရွ ကိုင်တွယ်ကြည့်နေတတ်တာက တကယ့်ကို ရင်နင့်စရာ မြင်ကွင်းတစ်ခုပါပဲ။
ဒီအချက်တွေကို ကြည့်ပြီး Lily နဲ့ ပတ်သက်တဲ့ Theory တစ်ခုကို ပြောချင်ပါတယ်။ သေချာကြည့်ရင် Imu နဲ့ Lily က ရိုးရှင်းတဲ့ နိုင်ငံရေးမဟာမိတ်တွေ၊ ကမ္ဘာကို စတင်တည်ထောင်သူ အဖော်တွေလောက်တင် မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် အနက်ရှိုင်းဆုံး နားလည်နိုင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဒါမှမဟုတ် ခံစားချက်တွေရှိခဲ့တဲ့ သူတွေဖြစ်နိုင်ပါတယ်။ Imu က ကမ္ဘာကြီးကို အကြွင်းမဲ့ အာဏာနဲ့ ထိန်းချုပ်ဖို့ ရွေးချယ်လိုက်တဲ့အချိန်မှာ Lily ကတော့ လူသားဆန်မှုနဲ့ လွတ်လပ်ခွင့်ကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် Lily က Poneglyph တွေကို ကမ္ဘာအနှံ့ ဖြန့်ကျဲခဲ့တာဟာ Imu ပြောသလို မတော်တဆ အမှားတစ်ခု လုပ်မိတာမျိုး လုံးဝမဟုတ်ဘဲ သူရဲ့ အချစ်ရဆုံးသူငယ်ချင်း Imu ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နောင်လာနောက်သားတွေက တားဆီးပေးနိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တဲ့ မေတ္တာသက်ဝင်မှုတစ်ခု ဖြစ်ဖို့များပါတယ်။ Lily အနေနဲ့ Imu ကို တိုက်ရိုက် မရင်ဆိုင်ရက်တဲ့အတွက် အနာဂတ်ကို ယုံကြည်ပြီး လမ်းစချန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်ရဲ့ အယုံကြည်ရဆုံး၊ အချစ်ရဆုံးသူက ကိုယ့်ရဲ့လမ်းစဉ်ကို လက်မခံဘဲ ကျောခိုင်းသွားတယ်ဆိုတဲ့ အသိက Imu ကို အနှစ် ၈၀၀ လုံးလုံး အမှောင်ထဲမှာ ပိတ်လှောင်ထားခဲ့တာပါ။ အချိန်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ၊ ကမ္ဘာကြီးကို ကိုယ့်လက်တစ်ဖဝါးထဲမှာ ဆုပ်ကိုင်ထားနိုင်ပါစေ၊ လိပ်ပြာလေးတွေ ဝဲပျံနေတဲ့ ပန်းခြံလေးထဲမှာ Lily ရဲ့ ပုံလေးကို ငေးကြည့်နေရတဲ့ Imu ကအာဏာအရှိဆုံးသူ မဟုတ်ဘဲ အချစ်ရဆုံးသူကို ဆုံးရှုံးလိုက်ရတဲ့ အတိတ်မှာ ပိတ်မိနေဆဲဖြစ်တဲ့ ဝိညာဉ်တစ်ခုမျှသာ ဖြစ်နေပါတော့တယ်။ အဆုံးမဲ့ အာဏာဆိုတာ တကယ်တော့ အဆုံးမဲ့ အထီးကျန်ခြင်းရဲ့ အခြားနာမည်တစ်ခုသာ ဖြစ်ကြောင်း Imu ရဲ့ ၈၀၀ စာ ဇာတ်လမ်းက သက်သေပြ နေသလိုပါပဲ ...