Happy 2FA ( FA FA 2FA )

Happy 2FA ( FA FA 2FA )

နွေဦးလုံခြုံရေး

စိတ်ပျက်လက်ပျက်နဲ့ သူငယ်ချင်းတစ်စုရဲ့ လက်ဖက်ရည်ဝိုင်းလေးစတည်တယ်ပေါ့...


digital mishaps


လက်ဖက်ရည်ဆိုင်ရိုးရာ.....က ကျုပ်တို့နိုင်ငံကြီးမယ် မသေးဘူးဗျ....

ဟိုအရင်တုန်းကများ...မြန်မာနိုင်ငံရဲ့ အလုပ်စားပွဲလို့ပြောလည်း မမှားဘူးလေ…

ပွဲစားတွေရဲ့ ...အလုပ်စားပွဲ…

အဘူကြီး...အရာကြီးတို့ရဲ့...နို့ရောင်းတဲ့စားပွဲ....

အဲ့လယ်...အဲ့မှာ "ဝ"ရဲ့ ပေါက်စီစားဦးမလား...ရ သကိုး....


ပြောလို့ပြောတာမဟုတ်ဘူးဗျ....လက်ဖက်ရည်ဆိုင်ရိုးရာ (Tea House Culture) ကတော်တော်လေးစိတ်ဝင်စားစရာလဲကောင်းသကိုး.....


လူပျိုလေး လူပျိူသိုးများရဲ့...မျက်စိအစာကျွေးနေရာလေးဆိုလည်း မမှားပြန်ဘူး....

အိမ်က အလုပ်မရှိ...အကိုင်မရှိ....၁၀၉..၁၁၀ လို့သတ်မှတ်ထားတဲ့ သကောင့်သားတွေကလည်း လက်ဖက်ရည်ဆိုင်ရောက်လာရင်တော့....ယူနန်က အကြီးအကဲတစ်ယောက်လိုလို....အိုလံပစ်က ဒိုင်တစ်ယောက်လိုလို...နဲ့ နိုင်ငံ့ရေးရာအစ....ဘောလုံးပွဲအလယ်....အိမ်နောက်က မိအေး လင်နောက်လိုက်သွားတာက အဆုံး...ချက်ကျလက်ကျနဲ့ ဝေဖန်အကြံပြုလိုက်တာဆိုရင်ဖြင့်..... တကယ့်ကိုအာပေါင်အာရင်း ဆွေးနွေးမှုကြီးတွေကို နေ့စဉ်ကြားနေရတာဆိုတော့ .ဆိုင်ရှင် ကြီးကတော့ဖြင့်  မျက်ခုံးခန့်တွန့်တွန့်နဲ့.. မျက်စိစပါးမွှေး စူးနေဆဲပေါ့....


စူးရလည်း ခက်ခက်ဗျ....သူတို့မရှိလည်း လက်ဖက်ရည်ဆိုင်ဆိုတဲ့ အနှစ်သာရ ပျောက်နေမှပေါ့....


အဲ့ထဲကမှ..တစ်ချို့က အိမ်မှာသီချင်းနားမထောင်ရလို့...လက်ဖက်ရည်ဖိုး ၂၀၀ ပေးထားပြီးတော့ ရေနွေးကြမ်း (၃)အိုးသောက်ပြီး...သီချင်းလေးနဲ့ ငြိမ့်တဲ့ တစ်ဖွဲ့ကလည်း ရှိသေးသကိုး..... သူတို့အတွက်တော့ "၂၀၀" တန် နိဗ္ဗာန်ဘုံပေါ့...


ပြောရင်းနဲ့ အရင်တုန်းက လွတ်လပ်ပြီး ည ၉နာရီ...၁၀နာရီလောက်ထိ ထိုင်ပြီး လေပေါရတဲ့ အချိန်တွေကို လွမ်းသယောင်ယောင်တောင် ဖြစ်မိသွားပြီ..


ခေတ်ကြီးကမကောင်းလေတော့ ကျွန်တော်တို့ တစ်သိုက်မယ်....နေ့လည်ဘက် နေပူပူကြီးထဲထိုင်...လက်ဖက်ရည်တစ်ခွက်ကို ဂျင်းဆေးနဲ့ (၈၀၀) ပေးသောက်ရင်း...."အော်ကြီးတို့" သူငယ်ချင်းတစ်သိုက် ပွဲတည်ကြတယ်ပေါ့…


ဘာရယ်မဟုတ်ပါဘူးဗျာ...သူများတွေလို...Club တက်ဖို့...Beer ဆိုင်သွားဖို့...Boycott ဖြစ်တဲ့နေရာတွေလည်း သွားလိုစိတ်မရှိတာကြောင့်...လမ်းထိပ်က..သွားနေကြ လက်ဖက်ရည်ဆိုင်လေးမှာပဲ ပွဲတည်လိုက်ခြင်းသာ ဖြစ်ကြောင်းပါ…


ကျွန်တော်တို့ နာမည်ပြောင်တွေကတော့ "အာကြီး..အော်ကြီး..လှော်ကြီးနဲ့ မော်ကြီးတို့ပဲ ဖြစ်ပါတယ်"...ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ဝိုင်းဘေးနားကို လေတွေ အရမ်းတိုက်လို့ အရပ်ကပေးတဲ့ နာမည်တွေမို့ နာမည်အရင်းတွေတောင် မေ့ထားတာ နှစ်ပေါက်နေပြီဗျို့....


ထုံစံအတိုင်း "အားကြီးတစ်သိုက်" လို့ ခေါ်စမှတ်တွင်တဲ့ ကျွန်တော်တို့ (၄) ယောက် ဒီနေ့အတွက် ..မော်ကြီး တင်သွင်းလာတဲ့ အဆိုကတော့ ဖြင့်...


"လူတိုင်းဘဝမှာ FA ဘဝကို တန်ဖိုးထားသင့်တယ်..."  "FA လုပ်သင့်တယ်ပေါ့"...ငါကတော့ 2FA နဲ့ ဘဝကြီးကသာယာနေပြီကွ....


အော်ကြီး ။ ။ မော်ကြီးရယ်...ဟိတ်ကောင်...မိန်းမမြင်ရင်...နေမထိထိုင်မသာ ဖြစ်နေတာမင်းနော်..... ဘာတဲ့..FA (Forever Alone) ဘဝကြီးကိုသာယာတယ်ပေါ့..မင်းက.. ငါကတော့ နားရှိလို့သာကြားရတယ်...မယုံနိုင်ပေါင်.......


အာကြီး ။ ။ ဒါနဲ့ ဘာ...2FA (ဘာလဲ FA ကိုနှစ်ဘဝတောင် ကြီးလား…)  ကြည့်ကြပ်လည်း လုပ်ပါဦးသားကြီးရယ်....ငါဖြင့်  Bollywood ကားတွေထဲမှာပဲ...နှစ်ဘဝ ကလဲ့စားဆိုတာ          ကြားဖူးတာ.... တစ်ဘဝနဲ့တောင် FA ကမလုံလောက်လို့...နောက်ဘဝတဲ့လား....လုပ်ကြပါဦးဟ...


လှော်ကြီး ။ ။ ငါတော့ မယုံဘူးဟေ့..မင်းလက်ရှိတွဲနေတဲ့ သာဂီ ညီမ..ကွာစိနဲ့ ဖြတ်လိုက်လေ...အဲ့လောက် FA  ကိုကြိုက်နေရင်...အဲ့ဒါဆိုရင်တော့..ယုံပေးမယ်(၂) ကျပ်ဖိုးလောက်…


မော်ကြီး ။ ။ သားကြီးတို့ရေ..မင်းတို့ကလည်း မင်းတို့အဘလို (၂)လက်မ ဉာဏ်နဲ့ စဉ်းစားနေတာကိုး...ငါပြောတဲ့  2FA ဆိုတာ Two Factor Authentication (နှစ်ဆင့်ခံလုံခြုံရေးကို) ပြောတာကွ.....


လှော်ကြီး ။ ။ အသံထွက်ပြောပါပြဦး......ငါ့ကောင်ရ...


မော်ကြီး ။ ။ငါ့နောက်က လိုက်ဆိုဟ....တူး..ဖက်တာ...အော်သန်တီကေးရှင်း.....ရပြီလား....


လှော်ကြီး ။ ။ အဲ့ဒါဘာကြီးတုန်းဟ......


မော်ကြီး ။ ။ အဲ့ဒါပြောတာ...မသိရင်လေ့လာဆိုတော့...MWD နဲ့ MRTV ကြည့်ပြီး ဉာဏ်ကောင်းတယ်လုပ်ကြဦးမယ်.....


နားထောင်ဟေ့...နားထောင်ဟ....


နှစ်ဆင့်ခံလုံခြုံရေးကို (Two Factor Authentication) လို့ခေါ်တယ်..အတိုဆိုရင်တော့ 2FA ပေါ့…

ဘယ်မှာလုပ်ဖို့ လိုတာလဲဆိုတော့ ဆိုရှယ်မီဒီယာနဲ့ ကွန်မြူနကေးရှင်း အကောင့်တွေမှာဗျ…

ဘာတွေတုန်းဆိုရင်တော့...မင်းတို့ပွတ်နေတဲ့ဟာတွေ မှန်သမျှပေါ့ ( Facebook, Gmail) တို့မှာပေါ့..

ဘာထူးခြားလဲမေးဦးကိုယ့်လူ.....မင်းတို့အကောင့်တွေကို Gmail နဲ့ Password အမှန်သိရင်တောင် ဖွင့်မရဘူးဟေ့… ဟုတ်လို့လားဆိုရင်တော့...ဟုတ်တယ်ဟေ့...ဟုတ်တယ်ဟ.... ကွာစိတောင်...Password တောင်းတော့...ငြင်းမရတာနဲ့ ပေးလိုက်တာ... သူ့ခဗျာ.. ငါ့အကောင့်ဝင်တိုင်း ဝင်မရရှာဘူး…ဝင်မရဆို...သူငါ့အကောင့်ဝင်တိုင်း...ငါ့ဆီမှာ လည်နေတဲ့ Code တွေမသိသရွေ့တော့....Google Authenticator နဲ့ခံထားတော့....စက္ကန့်ပိုင်းလောက် ပြောင်းနေတဲ့ Code တွေကို   နတ်မျက်စိရှိရင်တောင် လည်နေဦးမှာ..ငါ့ကောင်ရေ...အဲ့တော့  သကြားမင်းဆင်းကယ်ရင်တောင်..ဝင်ရမှာမဟုတ်လို့… ကိုယ့်ဘဝက သာယာနေတာ 2FA ကြောင့်လေ… အဲ့ကြောင့်ပြောတာ...2FA ကိုတန်ဖိုးထားပါလို့.......


မော်ကြီး ။ ။ အခုစာဖတ်နေတဲ့တစ်ယောက်..ဘာမှ ပြူးတူးပြဲတဲ ကြည့်မနေ့နဲ့ မသိရင် Channel မှာတင်ထားတာ ပြန်ဖတ် ..ဒါပဲ....

Facebook 2FA: https://t.me/SpringRevSecurity/62

Gmail 2FA: https://t.me/SpringRevSecurity/75


ဒီနေ့တော့ အာကြီး..အော်ကြီး..လှော်ကြီးနဲ့ မော်ကြီး တို့ရဲ့လက်ဖက်ရည်စကားဝိုင်းနဲ့အတူ အထီးကျန် FA မဟုတ်တဲ့ 2FA အကြောင်း သိချင်ရင် အပေါ်မှာပေးထားတဲ့ နွေဦးလုံခြုံရေး   Channel ထဲ သာ ဝင်ဖတ်ကြည့်လိုက်ကြတော့ ရောင်းရင်းတော့ရေ ...ဒီနေ့တော့ တော်သေးပြီ......

Report Page