Don't Use Auto fill !
ဒစ်ဂျစ်တယ်နဂ္ဂတစ်များSo Stupid သားကြီး So Stupid !!
ဒီအပတ်အလှည့်ကျ ဒစ်ဂျစ်နဂ္ဂတစ် အတွက် ဇာတ်လိုက်ကတော့ ကျော်ကြီးသူငယ်ချင်း သောင်းကြီးဗျ.....
ကျော်ကြီးတို့ အဖွဲ့ထဲမယ် အနေအေးတဲ့ သောင်းကြီးတစ်ယောက် တစ်ရက် ကျွန်တော်အိမ်ရှေ့ ကို ပျာပျာသလဲ ရောက်လာတော့ ကျွန်တော့်မယ် အထူးအဆန်းကြီးပေါ့

ကျော်ကြီး။ ။ မင်းနဲ့ ငါ့အိမ်ကို အစောကြီး လာပုံထောက်ရင် ငါ့ကောင် ထီပေါက်လာလို့လားကွ…
ငသောင်း။ ။ ထီပေါက်လာမှ...တကယ့်ထီကြီးပေါက်လာငါ့ကောင်ရ...
ကျော်ကြီး။ ။ ခေတ်မကောင်းတဲ့အချိန်...မင်းက ထီးထိုးတယ်ပေါ့…
ငသောင်း။ ။ မင်းငါ့ကိုမစားစမ်းပါနဲ့ မင်းမေးခွန်းကို ကြည့်ဦးလေ...မင်းမေးတော့ ငါဖြေရတာပေါ့… ထီမထိုးပေမယ့်...ထီက တကယ်ကြီးပေါက်သွားတာကွ...ငိုကြီးချက်မအသံဖြင့်..... မျက်စံတွေရဲလာတော့မှ..…
ကျော်ကြီး။ ။ ကိစ္စမသေးကြောင်း ကျော်ကြီးရိပ်မိသဖြင့် သူငယ်ချင်းကို စိတ်ပြေလက်ပျောက်ဖြစ်အောင်စမည်ဟု ကြံစည်ပြီး....
ကျော်ကြီး။ ။ အစောကြီးရောက်ချလာတာ မနက်စာ စားလာမယ့်ပုံလည်းမပေါ်ပါဘူး...အပူတွေနောက်ထား အစာနဲ့အရင် အားတင်းဖို့ မနက်စာ အရင်စားရအောင် ငါ့ကောင်ရေလို့ပြောပြီး ပြင်ထားပြီးသား ဟက်ဖရိုက် ကြက်ဉကြော်လေးကို တစ်ခြမ်းဖဲ့ ကော်ဖီ ၁၀၀ တန်အထုတ်...အဲ့..ဟုတ်ပါဘူး...၁၅၀ တန်ကော်ဖီထုတ်ကို ခွက် နှစ်ခွက်ထဲ တစ်ဝက်စီခွဲထည့် ဖော်ရင်း ချပေးလိုက်သော်အခါ....
သောင်ကြီး။ ။ မင်းကလည်း ကျွေးတော့လည်း အပြည့်အဝမဟုတ်ဘူး...စေတနာမပါရင် YKKO တောင်မစားချင်ဘူးဟျောင့်ရေ...မစားဘူး…
ကျော်ကြီး။ ။ အဲ့ ကြက်ဉတစ်ခြမ်း..ကော်ဖီအထုတ်ဝက်သောက်နေရတာ ကျေးဇူးတင်ကိုယ့်လူ...စျေးလည်းသွားကြည့်လိုက်ပါဦး...မင်းပထွေး စောင်ရူးတစ်ကောင်ကြောင့် တလောကလုံးရူးသွပ်နေတာ...ဟိုတစ်လောက တက်သွားတဲ့ ဒေါ်လာစျေး ဆီစျေးတွေကြောင့် တက်သွားတဲ့ ငပိနဲ့ တို့စရာ စျေး အခုထိပြန်မကျလို့...မင်းကောင်ကြီးမယ်..ငပိတောင် နပ်မမှန်ဘူး...ခါတိုင်းဆို ဆီစရိတ်ခြွေတာပြီး ကြက်ဉပြုတ်ပဲစားတာ..ဒီနေ့တောင် စောင်မီးလေး လာတုန်း (၄)နာရီတည်းက ကြော်ထားတဲ့ ငါ့ကြက်ဉကို ခွဲကျွေးတာ....ကြက်ဉ Pricing ကိုမေးဦးမလားကိုယ့်လူ...ရူးတောင်သွားဦးမယ်...အလကားရတာ စားမှသာစားစမ်းပါ.....အားတင်းပြီးရင် မင်းရဲ့ ထီကိစ္စဆက်ကွာ....
ကျော်ကြီး။ ။ ဒါနဲ့ စကားမစပ် မင်းကြိတ်ကြိတ်ကြွေနဲ့ ဟိုဘက်လမ်းထဲက အပျိုကြီး မနေ့က ဆယ်ကျော်သက် ကောင်လေးတစ်ယောက်နဲ့ လှစ်သွားတယ်ရော...ဟုတ်လား…
ထိုစဉ်တွင် သောင်းကြီးမယ်...
အိန္ဒြေ မဆယ်နိုင်တော့ပဲ..နှာချီးဖတ်များထွက်သည့်အထိ...ချုံးပွဲချငိုလေသတည်း…
ကျော်ကြီး။ ။ ဟျောင့်ရေ မင်းဝမ်းနည်းမယ်ဆိုတာငါသိပါတယ်...ဒါပေမယ့် မင်းအဲ့လောက်တောင် ငိုစရာလိုလို့လားကွာ..တော်ပြီ Topic ပြောင်းမယ်ကွာ..မင်းထီကိစ္စပဲပြောတော့..
သောင်းကြီး။ ။ ငါ့ထီကိစ္စဆိုတာ သူပဲကွာ..သူပဲကွ....(ဗြဲ...အင့်...အင်း)
ကျော်ကြီး။ ။ ငါမမှီတော့ဘူးကွာ ...အလင်းလေးပြပါဦးဟ
သောင်းကြီး…
ဒီလိုကွ မင်းနဲ့ မတွေ့ဖြစ်တဲ့ နှစ်လအတွင်းမှာ အဲ့ မမနဲ့ ငါ့နဲ့ ညှိတယ်ကွာ..မမကလည်း ငါ့ကို အသေကြွေတဲ့ ပုံစံပေါ့။ သူ့အသက်အရွယ်က တစ်ကြောင်း ချစ်နေတာက တစ်ကြောင်းဆိုတော့ မြန်မြန်ယူစေချင်ပြီလေ…
အချစ်ဆိုတာ..မျက်စိကန်းတယ်မလား
ကျော်ကြီး။ ။ မရှိတာလောက်တော့လုပ်
သောင်းကြီး။ ။ မရှိတာနဲ့ ကန်းတာက ကွာတာမှမဟုတ်ပဲကွာ…
ဖြစ်ပုံက ဒီလို ငါတို့ချစ်လည်းချစ် ဟိုဘက်အိမ် ဒီဘက်အိမ်ကို အသိပေးထားတော့..အရာရာအားလုံးက အိုစကေပေါ့ကွာ…
ငါသူ့ကို ဘယ်လောက်တောင် ချစ်လဲဆိုရင် ငါ့ ဖုန်း Screen Lock တောင် သူ့ မွေးနေ့လေးကို Password ပေးထားတာ..ဒါကိုသူလည်းအသိပေါ့....ငါတို့ကြားမှာ ပဝါးလေးတစ်ခုတောင် ခြားမနေစေချင်လို့လေ...ငါ့ဖုန်းကို သူတောင်းကြည့်စရာ မလိုအောင် Screen Lock ကို ပေးထားတာသာကြည့်တော့…
ကျော်ကြီး။ ။ ဟုတ်ပါပြီ...အဲ့ဒါနဲ့ မင်းထီကိစ္စက....
သောင်းကြီး။ ။ ဗြဲ ( ငိုပြန်လေသည်)
ပြောမယ်ကွာ...တစ်နေ့တော့ ငါ့ဖုန်းကို သူယူကြည့်တယ်....ငါလည်းထုံစံအတိုင်းပေးကြည့်တာပေါ့...အဲ့နေ့က နည်းနည်းတော့ ကြာကြာ ကြည့်တယ်ဆိုတာတော့ ငါရိပ်မိတယ်.....
ကျော်ကြီး။ ။ ပြီးတော့
အဲ့နောက်ပိုင်းလည်း ငါတို့နှစ်ယောက်သာသာယာယာပဲ....တစ်ပတ်လောက်နေတော့ သူနဲ့ လက်ထပ်ဖို့ စုထားတာလေးတွေကို ပြန်ကြည့်ဦးမယ်ဆိုပြီး Mobile Banking အကောင့်ထဲဝင်ကြည့်မှ ငါမလွှဲပဲ ငါ့အကောင့်က ပိုက်ဆံတွေကို လူတစ်ယောက် ဆီကိုလွှဲထားတာကွာ...CB/ AYA ကိုစုံလို့...ရှိသမျှ ပိုက်ဆံတွေ တစ်ပြားမှ မရှိတော့ဘူးကွ.....
အဲ့ဒါငါလည်း ဘဏ်ကို ဖုန်းဆက်တာပေါ့ကွာ...သေချာတာတော့ ငါ့ကိုယ်တိုင်လွှဲထားတာတဲ့… သူတို့ဘာမှ လုပ်မပေးနိုင်ဘူးပေါ့…အဲ့လိုဖြစ်ပြီး နောက်တစ်ရက်မှာ..သူက ဆယ်ကျော်သက်လေးနောက် လိုက်သွားတာကွာ...ငါမခံစားနိုင်ဘူးကွာ..လူလည်းခွေးဖြစ်ပြီး တစ်ပြားမှမရှိတော့ဘူး....
ကျော်ကြီး.။ ။ မင်းဟာက သိပ်တော့မဟုတ်ဘူး သားကြီး…မင်းက Mobile Banking Password တွေကတော့ မင်းမမ မွေးနေ့မဟုတ်ဘူးမလား.. App .တစ်ခုနဲ့တစ်ခုရော Password မတူဘူးမလား..
သောင်းကြီး။ ။ ငါအဲ့လောက်တော့ Stupid မဖြစ်ဘူးကွ...ငါ့ Mobile Banking App Password တွေကို မတူအောင်ထား ထားတာ..ငါ့တောင် ခဏခဏ မေ့လို့ဆိုပြီး iCould ထဲက Keychain ထဲမှာလည်း သိမ်းထားတာ…
ကျော်ကြီး။ ။ ဘာ.... အဲ့တော့ Setting ထဲက Account and Password ထဲမှာလည်း မင်း Password တွေ အကုန်ရှိနေမှာပေါ့…
သောင်ကြီး။ ။ အေးလေ
ကျော်ကြီး။ ။ အဲ့တော့ အဲ့ဒီ Password တွေကိုဝင်ကြည့်ရင်...မင်းလက်ဗွေရာတော့လိုတယ်လေကွာ....
သောင်ကြီး။ ။ ငါက ဖုန်းစဝယ်ကတည်းက လက်ဗွေရာအစား...မမ Birthday Date ပဲ Passcode ထားခဲ့တာကွ....
ကျော်ကြီး။ ။ အေးအဲ့ဒါပဲငါ့ကောင်ရေ...မင်းက Autofill တွေဖွင့်ပြီး မင်းအကောင့် Password တွေကို မှတ်ထားတော့..မင်းသုံးနေတဲ့ အကောင့် Password တွေကို ကြည့်ချင်ရင် Setting ထဲကိုဝင် Passwords ထဲကိုဝင်ကြည့်တာနဲ့ မင်းသုံးသမျှနဲ့ မင်းမှတ်ထားသမျှ Password ကိုသူသိသွားမှာတော့ ငါ့ကောင်ရေ,..အဲ့နေ့ကတည်း မင်းအကောင့်တွေထဲဝင် Suggestion ပေးထားတဲ့ Password လေးတွေနှိပ်ပြီး ပိုက်ဆံတွေကို သူ့ဆယ်ကျော်သက် ကောင်လေး အကောင့် ကိုလွှဲနေခဲ့တာ ငါ့ကောင့်ရေ..
သောင်ကြီး။ ။ အဲ့လိုလုပ်လို့ရလို့လား...ငါ့တော့ သောင်ကြီး နှစ်ခါနာဖြစ်ပြီကွာ..
ကျော်ကြီး။ ။ ငါ မင်းအတွက် စကားလုံးတစ်လုံးပဲစဉ်းစားမိတယ်...အဲ့ဒါက So Stupid သားကြီး So Stupid…..
ဒီမှာ ရောင်းရင်းတို့ကိုပေးလိုတဲ့ Message ကတော့ iPhone မှာပဲဖြစ်ဖြစ် browser မှာပဲဖြစ်ဖြစ် Auto fill တွေမမှတ်ထားဖို့ပါ။ Auto fill တွေမှတ်ထားရင် Password တွေကိုရိုက်ထည့်စရာမလိုတော့ပဲ အကောင့်တွေကို သာသာယာယာဝင်နိုင်တယ်ဆိုပေမယ့်....ကိုယ်မဟုတ်ပဲ တစ်ခြားတစ်ယောက်ဆိုလည်း ကိုယ့်အကောင့်တွေကို အဲ့လို သာသာယာယာဝင်သွားရင် မလွယ်ဘူးလေ…
ပြီးတော့ Password တွေ မှတ်ချင်တယ်ဆိုရင် Password Manager KeepassDX/XC ကိုသုံးနိုင်ပါတယ်။ မဟုတ်ရင်တော့ သောင်းကြီးလို...အထပ်ထပ်အခါခါ နာရတဲ့ဘဝတွေဖြစ်ပါလိမ့်မယ်။
အခုဖတ်နေတဲ့ မိတ်ဆွေတွေထဲမှာ iPhone သုံးနေတယ်ဆိုရင် Setting ထဲက iCloud ကိုဝင်ပြီး Auto fill ကို ပိတ်ပါ။ ပြီးရင် Setting ထဲက Passwords တွေထဲမှာ မှတ်ထားမိတဲ့ Password တွေကိုသွားဖျက်ကြပါဗျို့.....