Chapter 6

Chapter 6


🚩Chapter 6

မင်းသမီးအစားထိုး ထိမ်းမြားလက်ထပ်ခြင်း 1.6


စစ်သူကြီးစု၏ အိမ်တော်မှာ မြို့တော်၏ မြောက်ဘက်ထောင့်၌ တည်ရှိသည် ။ ဤလွန်ခဲ့သောနှစ်များတွင် စစ်သူကြီးစုက နယ်စပ်ဒေသကို စောင့်ကြပ်နေရပြီး မြို့တော်ကိုပြန်လာခဲသည် ။ ထို့ကြောင့် အိမ်တော်တစ်ခုလုံးတွင် စုရွေ့က ပြောရေးဆိုခွင့်ရှိသူဖြစ်နေ၏ ။ 


စုဝမ် တစ်ချိန်လုံးနိုးနေတာကိုတော့ စုရွေ့ မသိပေ ။ သူ့အတွက် ဤအချိန်တွင် သူမက အားနည်းနေပြီး ထင်ယောင်ထင်မှားပြောနေသည်ဟု ထင်ရ၏။ ဤအရာက စုရွေ့ကို အလွန်စိုးရိမ်စေပြီး သမားတော်ပင် ခေါ်လိုက်ရသည် ။ စီးယွိတွင် အကောင်းဆုံးဆေးပညာအရည်အချင်းရှိတာကို တစ်မြို့တော်လုံးသိကြသော်လည်း သူတော်ကောင်းယောင်ဆောင်ထားပြီး သူ့ကျယ်ကျဲပေါ်တွင် ကောင်းသောရည်ရွယ်ချက်မရှိသည့် သမားတော်စီးအား ခေါ်မည့်အကြံကို သူ လက်လျှော့လိုက်သည် ။ 


ဆံပင်များဖြူနေသော အိုမင်းသည့် တော်ဝင်သမားတော်က စုဝမ်၏ သွေးခုန်နှုန်းကို စမ်းပြီးသောအခါ သူမ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ဂရုတစိုက် တင်ပြလိုက်သည် ။ မကြာသေးခင်က သူမ သေချာဂရုစိုက်ခံထားရသည့်အတွက် စုဝမ်၏ ကျန်းမာရေးမှာ အားနည်းနေသေးသော်လည်း သူမ၏ နာမကျန်းခြင်းက အသက်အန္တရာယ်အထိတော့ စိုးရိမ်စရာမရှိတော့ပေ ။


တော်ဝင်သမားတော်ကို ပြန်ပို့ပြီးနောက်တွင် စုရွေ့က အိပ်ယာဘေးတွင် ထိုင်လိုက်ပြီး စုဝမ်ကိုသာ ဆက်ပြီးကြည့်နေ၏ ။ နေ့အချိန်က စတင်ပြီးတောက်ပလာမှသာ စုရွေ့ထရပ်လိုက်သည် ။ သူက လွိကျူးကို မည်းမှောင်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်၏ ။ 


" မင်း သခင်ကို သေချာကြည့်ထား ။ တစ်ခုခု နည်းနည်းလေး ထိခိုက်သွားတာရှိရင်တောင် မင်းကိုခုတ်ပိုင်းပစ်မယ် ။ " 


မင်းကို ခုတ်ပိုင်းပစ်မယ်...


လွိကျူးခန္ဓာကိုယ်က ဘောလုံးတစ်လုံးလို ကွေးသွားပြီး တုန်ရီလာ၏ ။  သူမက စစ်သူကြီးအိမ်တော်မှ ထွက်ခွာလာတာ လေးနှစ်ရှိပြီဖြစ်သော်လည်း ဤသခင်ငယ်လေး၏ စိတ်ထားကို ကောင်းစွာသိနေသည် ။ ကျန်ခဲ့သောနှစ်များအတွင်း ကျွင်းကျူ၏ ခြံဝင်းထဲမှ လူများက တစ်သုတ်ပြီး တစ်သုတ်ပြောင်းလဲနေ၏ ။ အဆုံးတွင် ကျွင်းကျူလက်ထပ်သောအခါ ဝမ်အိမ်တော်သို့ လိုက်နိုင်သည့်သူက သူမတစ်ယောက်ထဲသာ ဖြစ်သည် ။ 


တစ်ခြားလူတွေ၊ တစ်ခြားလူတွေက....


အမှန်ပဲ ။ မင်းတို့ ထင်တာမမှားဘူး ။ အဲ့ဒီလူတွေက ကျွင်းကျူကို ဂရုစိုက်ရမယ့်အချိန်မှာ အာရုံမစိုက်လို့ သခင်ငယ်လေးက တစ်စစီခုတ်ပိုင်းပစ်ပြီး ခွေးကျွေးလိုက်ပြီ ။ 


အဓိပ္ပာယ်က အလွန်ရက်စက်ပြီး မြင်ကွင်းမှာလည်း သွေးသံတရဲရဲပင် ။ 


သူမ စစ်သူကြီးစု၏ အိမ်တော်ကို ပြန်ရောက်လာပြီး အခုချိန်မှစကာ ဤသခင်ငယ်လေး၏ ရက်စက်မှုများအောက်တွင် နေရတော့မည်ဆိုတာကို တွေးမိသောအခါ သူမဘာကိုမှ သံယောဇဥ်တွယ်မနေတော့သလို လွိကျူးခံစားလိုက်ရသည် ။


 အိမ်တော်သို့ပြန်ရောက်လာသည့် ပထမဆုံးည၌ သူမ ရှားရှားပါးပါး ကောင်းမွန်စွာ အိပ်စက်လိုက်ရသလို စုဝမ်ခံစားမိသည် ။ 


နောက်တစ်ရက် သူမ မျက်လုံးဖွင့်သောအခါ အခန်းထဲရှိ ချိုမြိန်သောအနံ့ကို သူမသတိထားမိလိုက်သည် ။ စုဝမ် သံသယဝင်စွာဖြင့် အိပ်ယာမှထလာသောအခါ အထူးကောင်းမွန်သောမနက်စာကို ပန်းကန်အစုံအလင်ဖြင့် သယ်လာသည့် အစေခံမိန်းကလေးများကို တွေ့လိုက်ရသည် ။ 


" ကျွင်းကျူ ၊ စစ်သူကြီးစုက ကျွင်းကျူနိုးလာရင်စားဖို့ မနက်စာအတွက် ကျွန်မတို့ အစေခံမိန်းကလေးတွေ အားလုံးကို ညွှန်ကြားထားတာပါ ။ "


အစေခံမိန်းကလေးများက တန်းစီနေကြပြီး ထိုအတန်းလိုက်မှာ ဝမ်အိမ်တော်ကထက်ပင် ပိုနေသေးသည် ။ စုဝမ် သူမလက်ချောင်းကိုသုံးကာ မျက်ခုံးစပ်ကြားရှိ နေရာကို နှိပ်နယ်လိုက်၏ ။ 


ဒီလို အစ်မကိုချစ်မိသွားတဲ့ စိတ္တဇနတ်ဆိုးက ပိုတောင်ဆိုးလာတာလား ။ 


သူမလို သေးသွယ်တဲ့ခန္ဓာကိုယ် ၊ ဝမ်းဗိုက်အသေးလေးနဲ့ သူမစိတ်ရှိရင်တောင် ဘယ်လိုလုပ် ဒါတွေကို ကုန်အောင်စားနိုင်မှာလဲ ။ သို့သော် ဤကဲ့သို့ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် အထည်များကိုဝယ်ပြီးသား ၊ ပါးစပ်ဟလိုက်ရုံဖြင့် စားစရာအဆင်သင့်ရပြီးသား လွယ်ကူသည့်ဘဝမျိုးက ဝမ်အိမ်တော်ရှိ အအေးနန်းဆောင်နှင့် ယှဥ်လိုက်ပါက အများကြီးပိုသာသည် ။


ဤအရာကို စုဝမ် အလွန်ကျေနပ်မိပြီး မနက်စာစားပြီးနောက်တွင် စုရွေ့ပြန်လာအုန်းမည်မဟုတ်ဘူးဆိုတာကို သိနေသည့်အတွက် စုအိမ်တော်ထဲတွင် ခြေဦးတည့်ရာသွားကြည့်ရန် လွိကျူးကို တွဲကူခိုင်းလိုက်သည် ။ 


အိမ်တော်ထဲတွင် ခိုနားရန် နေရာများ ၊ အဆောက်အဦများ ၊ လေဝင်သော ဆောင်ကူးစင်္ကြံလမ်းများရှိသည် ။ 


 မူလကိုယ်၏ မှတ်ဉာဏ်ထဲ၌ သူမ နေဖူးသည့် ခြံဝင်းက ယခုတွင် အရမ်းအေးပြီး ယိုယွင်းနေသည် ။ အိမ်တော်၏ အစေခံများကို စုဝမ်မေးပြီးမှသာ ထိုခြံဝင်းက အချိန်အတော်ကြာအောင် လူမနေကြောင်း သိလိုက်ရသည် ။စစ်သူကြီး စုက နှစ်အတော်ကြာအောင် ပြန်မလာဘဲ ဇနီးဖြစ်သူကလည်း သူမ၏ အခြေအနေကြောင့် အခြားခြံဝင်းတွင် ပြောင်းရွှေ့နေ၏ ။ 


အစေခံများက စကားကို ပရိယာယ်ဆန်စွာပြောသွားသော်လည်း စုရွေ့နှင့် သူ့အမေ၏ ဆက်ဆံရေးက အလွန်တင်းမာနေတာကို စုဝမ်သိသည် ။ အထူးသဖြင့် စုဝမ်၏ လက်ထပ်ပွဲနှင့်ပက်သက်ပြီး စုရွေ့က ပြင်းပြင်းထန်ထန်ကန့်ကွက်ချိန်မှစကာ မိသားစုက  ပြိုကွဲလာ၏ ။ 


လက်ရှိ စုအိမ်တော်၌ တစ်ဦးတည်းသော မိသားစုဝင်က စုရွေ့သာဖြစ်သည် ။ 


ဘယ်လိုတောင် အထီးကျန်နေတဲ့ ကလေးလဲ ။


စုဝမ်က အရိပ်နားသည့်နေရာ၌ နားနေချိန်တွင် စစ်သူကြီးဝတ်ဆင်ရသော ရုံးတော်ဝတ်စုံကို ဝတ်လာသည့် စုရွေ့က သူမဆီ အလျင်စလိုရောက်လာတာကို တွေ့လိုက်ရသည် ။ 


" ကျယ်ကျဲ ၊ ဘာလို့ အခန်းထဲမှာ နားမနေတာလဲ ။"


သူ၏ မျက်နှာကမှုန်ကုပ်နေတတ်သောသဘာဝကြောင့် စုရွေ့၏ မျက်နှာက အလွန်အေးစက်ကာ စူးရှပုံပေါ်၏ ။ ပုံမှန်နေ့များတွင်တောင်မှ သူ့ခန္ဓာကိုယ်မှာ ထိုဖုံးကွယ်ထားသော အငွေ့အသက်များထံမှ ခွဲထွက်လို့မရပေ ။ 


သို့သော် ယခုတွင်တော့ စုရွေ့က အလွန်ညင်သာပုံရနေ၏ ။ တကယ်တမ်းတွင် သူ့မျက်နှာသွင်ပြင်က အလွန်ကို ခန့်ညားသည် ။ သူက စိတ်တည်ငြိမ်နေသ၍ သူ့ပုံစံမှာ အလွန်ငယ်ရွယ်ပြီး ကြည့်ကောင်း၏။


စုရွေ့ကို မြင်လိုက်ရချိန်တွင် စုဝမ်၏ အကြည့်တို့ကတောက်ပသွားသည် ။  သူမ၏ အားနည်းနေသည့်ခန္ဓာကိုယ်ကို ဂရုစိုက်မနေတော့ဘဲ အရှေ့သို့တိုးကာ စုရွေ့၏ အင်္ကျီအနားစကို ဆုပ်ကိုင်လိုက်၏ ။


" လူရော ။ အဲ့မှာရှိနေလား ။ "


အဲဒီလူတွေ...


စုရွေ့၏ မျက်ဝန်းထဲ၌ ရက်စက်သောအရိပ်ယောင်များပေါ်လာသော်လည်း ချက်ချင်းပဲ နူးညံ့ညင်သာမှုတို့က ပြန်နေရာယူသွား၏ ။ 

" ကျယ်ကျဲရဲ့ အခန်းကိုပြန်ပြီး အနားယူပါ ။ ကျန်းမာရေးကို အရင်ဂရုစိုက်အုန်း ။ တစ်ခြားကိစ္စတွေက စောင့် ..."


" ထပ်မစောင့်နိုင်တော့ဘူး..." 


" ငါ့မှာ ဘယ်ကိုမှ သွားစရာမရှိဘူး ။ ငါ့နာမည်အတွက် ငါ့မှာ ဘာမှမကျန်ခဲ့ဘူး ။ ငါထပ်မစောင့်နိုင်တော့ဘူး ။ " 


ဤအခိုက်အတန့်တွင် သူမက ခါးသီးစွာခံစားနေရပြီး စိတ်ဆင်းရဲနေရသော သနားစရာကောင်းသည့် ဇနီးတစ်ယောက်လိုဟန်ဆောင်လိုက်သည် ။ 


" ငါသူတို့ကို ဒီအတိုင်း ကောင်းကောင်းမလွှတ်ပေးလိုက်နိုင်ဘူး ။ ငါသူတို့ကို ကောင်းကောင်းမလွှတ်ထားပေးနိုင်ဘူး ။ " 


စုဝမ်က ကိုယ့်ကိုယ်ကိုပြန်ညည်းညူပြောဆိုနေပြီး သူမ၏ မျက်ဝန်းတို့က ခါးသီးမှုများနှင့် ရင်ဆိုင်နေသည် ။ 


စုရွေ့ တောင့်တင်းသွား၏ ။ စုဝမ်ကို ဒီလိုအခြေအနေမျိုးနှင့် သူတစ်ခါ မတွေ့ခဲ့ဘူးပေ ။ ရွှမ်းယွမ်ရွေ့က သူ့ကျယ်ကျဲကို ဒီလိုဖြစ်အောင်လုပ်လိုက်တာကို တွေးမိသောအခါ ထိုလူ့အပေါ် သူ့အမုန်းတရားများက တလိမ့်လိမ့်တက်လာပြီး ပြန်ထိန်းချုပ်လို့ပင် မရနိုင်ဖြစ်နေ၏ ။ 


မနေ့ညက ငြိမ်ငြိမ်သက်သက်လမ်းခွဲလိုက်တာက အားလုံးရှေ့မှာ သူ့ကျယ်ကျဲရဲ့ နောက်ဆုံးဂုဏ်သိက္ခာကို ထိန်းပေးဖို့ပဲ မဟုတ်ဘူးလား ။ 


ပုံမှန်ဆို သူမက တော်ဝင်မျိုးနွယ်ဖြစ်တဲ့အတွက် အားလုံးက သူမကို တရိုတသေဆက်ဆံရမှာ ။ ဘာအကြောင်းကြောင့်နဲ့ သူမက အဲ့ဒီလူဆီမှာ နင်းခြေခံနေရမှာလဲ ။ 


" ကိုယ်မင်းကို ကူညီပြီး သူ့ကိုသတ်ပေးမယ်။"


စုရွေ့ ရုတ်တရက် သူမလက်ကို ဆုပ်ကိုင်ထားလိုက်ပြီး သူ့မျက်လုံးတို့က သွေးဆာနေသည့်အရိပ်ယောင်ဖြင့် အရောင်တောက်နေ၏ ။ 


သူအားလုံးဆုံးရှုံးလိုက်ရမယ်ဆိုရင်တောင် သူ့စကားအတိုင်း ဖြစ်အောင်လုပ်ရမယ် ။ 


စုဝမ် မှင်သက်သွား၏ ။ အလွန်အံ့အားသင့်သွားပြီးသည့်နောက်တွင် စုဝမ်က သူမစိတ်ကို ပြန်စုစည်းကာ စုရွေ့ကို စိတ်ထဲဗလာဖြင့် ကြည့်လိုက်သည် ။ 

" သူ့ကို သတ်ပြီးရင်ရော ။ သူနဲ့ ယဲကျီးဟွာကို ချစ်ခင်ကြတဲ့စုံတွဲတွေအဖြစ် သေခိုင်းလိုက်မှာလား။ မဟုတ်ဘူး ။ ငါတို့သူ့ကို အဲ့လောက်လွယ်လွယ်နဲ့ လွှတ်ပေးလို့မရဘူး ။ " 


သူမက သူမ၏ အိပ်မက်ဆိုးများထဲသို့ နစ်မြုပ်သွားသည့်အတိုင်းပင် စုဝမ်၏ ဖြူဖျော့နေသောမျက်နှာထက်၌ ရှုပ်ထွေးသော အမုန်းတရားများက ပေါ်လာသည် ။ 


" သူတို့က တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်နေကြတာမဟုတ်ဘူးလား ။ ငါသူတို့ကို ကွဲကွာပြီး တစ်ယောက်ကိုတစ်ယောက် ပြန်ဆန့်ကျင်အောင်လုပ်ချင်တယ် ။ ရွှမ်းယွမ်ရွေ့ ၊ သူက အဲ့လိုအနေအထားမျိုးကို ဆန္ဒရှိနေတာ မဟုတ်ဘူးလား။ ငါက သူ့နာမည်အောက်မှာ ဘာမှကျန်ခဲ့အောင်ကို လုပ်ချင်တာ ။ "


လူဘယ်လိုသတ်ရမလဲဆိုတာ ဘယ်သူကမသိလို့လဲ။


စုဝမ်က ကမ္ဘာပေါင်းများစွာကို ဖြတ်လာပြီး လူသတ်သည့် နည်းလမ်းပေါင်းမြောက်များစွာကို သင်ယူခဲ့သည် ။ သို့သော် စည်းမျဥ်းများက ခွင့်မပြုထားသည့်အတွက် သူမကိုယ်တိုင်တော့ မည်သူတစ်ဦးတစ်ယောက်ကိုမှ မသတ်ဖူးသေးပေ ။ ဒုတိယအချက်မှာ အခြားသူများကို သတ်ဖို့ သူမက ရွံရှာမိသည် ။ 


သူမကိုယ်သူမ လူကောင်းတစ်ယောက်အဖြစ် ဘယ်တုန်းက မယူဆခဲ့ပေ ။ အဘယ်ကြောင့်ဆိုလျှင် သူမက ဤသို့ ရက်စက်အကြင်နာမဲ့ပြီး မျက်နှာနှစ်ဖက်ရှိနေတာကြောင့် ဖြစ်၏ ။ 


လူတစ်ယောက်ကိုသတ်ခြင်းမှာ အလွန်ရိုးရှင်းပြီး သေဆုံးသည့်ဖြစ်စဥ်ကလည်း အလွန်တိုတောင်းသည် ။ ၎င်းက စုဝမ်လိုချင်သည့် စိတ်ကျေနပ်မှုမျိုး မဟုတ်ပေ ။ 

သူမက အချိန်ယူကာ လူတစ်ယောက်၏ ခိုင်မာမှုကို ဖျက်ဆီးပြီး ထို့နောက်တွင် သူ့ဘဝကို ပျက်စီးအောင်လုပ်ရတာကို သဘောကျသည် ။ 


သေချာပေါက် ချစ်နေကြတဲ့ဆက်ဆံရေးတွေကို ဖျက်ဆီးပစ်တာလည်း ပါတာပေါ့ ။ 


အချစ်ဆိုတာ ဘာလဲ ။ 


စုဝမ်က ကိုယ်တိုင်ကိုယ်ကျ အတွဲတွေကို ဖျက်ဆီးဖူးပြီး သူတို့ပြောသည့် " အချစ်စစ်" ဆိုသောအရာက သူမမျက်စိရှေ့တွင်ပဲ ပြိုကွဲသွား၏ ။ 


အချစ်စစ် ..အဲ့လိုကစားစရာမျိုးက လုံးဝ တည်ရှိမနေဘူး ။


စုဝမ်၏ အမုန်းတရားနှင့် ခါးသီးမှုတို့က သူမဘေးရှိ လူကိုပါ ကူးစက်သွားစေခဲ့ပုံပင် ။ သူ့ရင်ထဲမှ အော်ဟစ်နေသော ရွှမ်းယွမ်ရွေ့ကို သတ်ပစ်ချင်သည့်စိတ်ကို ဖိနှိပ်ကာ စိတ်ငြိမ်ငြိမ်ထားပြီး သူ့အစ်မကို လေးလေးနက်နက်ကြည့်လိုက်သည် ။ 


" ဒါက ကျယ်ကျဲလိုချင်တာဆိုရင် ၊ ကိုယ်ပေးမယ်။ သွားရအောင် ။ ကိုယ်မင်းကို ဆေးသောက်ဖို့ အဖော်ပြုပြီး လိုက်ပေးမယ် ။ ပြီးရင် သူတို့ကို သွားတွေ့ကြမယ် ။ "


" အင်း"


စုဝမ် ခေါင်းညိတ်လိုက်သည် ။ သူမ၏ ခေါင်းက အောက်သို့ငုံ့သွားတာနှင့် တစ်ပြိုင်နက် သူမမျက်လုံးက အရောင်တောက်လာ၏ ။ သူမက သေးငယ်သော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားပြီး ကူးပြောင်းလာသော အမျိုးသမီး နှင့် မင်းသား(၅)ကို သွားတွေ့ဖို့ စောင့်မျှော်နေမိသည် ။


🚩

Report Page