Chapter 4

Chapter 4


🚩Chapter 4

မင်းသမီးအစားထိုးထိမ်းမြားလက်ထပ်ခြင်း 1.4


ယွဲ့ဝမ်အိမ်တော်က ပျော်ရွှင်ဖွယ်အခါသမယကို ကျင်းပဖို့ အားလုံးအဆင်သင့်ဖြစ်နေကြသည် ။ သူတို့ဘယ်လောက် ပျော်ရွှင်နေကြလဲဆိုတာ အခြားသူများမသိမှာစိုးသည့်အလား ခြံဝင်းတစ်ခုလုံးကို တောက်ပသောအနီရောင်များဖြင့် အပြည့်ဆင်မြန်းထား၏ ။ 


ခြံဝင်း၏ မြင့်မားသော နံရံများမှတစ်ဆင့် အရင်ဇနီး၏ ငိုသံကို မကြားရဘဲ သတို့သမီးအသစ်၏ ရယ်သံကိုသာ ကြားနေရသည် ။ 


ယွဲ့ဝမ်အိမ်တော်တွင် ဝမ်ဖေးအသစ်ရှိလာမည်လားဆိုတာ သာမန်ပြည်သူများက မတွေးတတ်တော့ပေ ။ 


ယွဲ့သခင်မအသစ်ရှိလာမှာလား ။ အဲ့ဒါက ဘယ်သူလဲ ။ အဲ့လိုဂုဏ်ရာထူးမြင့်တဲ့သူတွေကို သာမန်သူတွေက ဘယ်လိုလုပ် သတိထားမိမှာလဲ ။ 


မြို့တော်ရှိ ရှီလိချန်လမ်းမှာ ပုံမှန်အတိုင်းအသက်ဝင်နေဆဲပင် ။ နောက်ပိုင်း ရွှမ်းယွမ်ရွေ့မျက်နှာသာပေးလာသောသူမှာ အပြင်းအထန်နာမကျန်းနေသော ကျွင်းကျူမဟုတ်ဘဲ ယဲ့လူကြီးမင်း၏ ပထမအိမ်တော်မှ သမီးဖြစ်ပြီး အဆုံးတွင် သူမက ဝမ်ဖေးဖြစ်အောင်ပါ လုပ်နိုင်သွားသည့်အကြောင်းကို ရာထူးမြင့်အရာရှိများနှင့် ၊ ဧကရာဇ်နှင့် နီးကပ်သောသူတစ်ချို့လောက်သာ သိကြသည် ။ 


ပုံမှန်နေ့ရက်များတွင် ဤအရာက ဧကရာဇ်ကို ဒေါသထွက်စေနိုင်သော်လည်း ယခုအချိန်တွင်တော့ ၎င်းကမတူညီတော့ပေ ။ ယဲ့ကျားမှာ မကြားသေးခင်က မင်းသား(၅) ၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ခဲ့သည် ။ ၎င်းက အကောင်းဆုံး ဆောင်ရွက်နိုင်မှုဖြစ်ပြီး ထိုသတင်းက သေဖို့နီးကပ်နေသည့် နာမကျန်းဖြစ်နေသော ကျွင်းကျူကို ပိုလို့မှေးမှိန်သွားစေ၏ ။ 


ကျွင်းကျူက တော်ဝင်သွေးဖြစ်သော်လည်း တော်ဝင်ရုံးတော်ရှိ သတင်းသေချာကြားထားသောသူများမှာ စုဝမ်က စစ်သူကြီးစု၏ မျက်နှာသာပေးခြင်းခံရသော ကလေးမဟုတ်မှန်း သိကြသည် ။ သူမ ယွဲ့အိမ်တော်နှင့် လက်ထပ်သွားသည့်အချိန်မှစပြီး စုအိမ်တော်နှင့် သူမ၏ ဆက်ဆံရေးကို ဖြတ်တောက်လိုက်သည် ။  


ထို့ကြောင့် ဖခင်ရော ယောက္ခထီးထံမှပါ သဘောကျခြင်းမခံရသော စုဝမ်မှာ သူမ၏ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း နှင့် အသက်ရှင်ခြင်းမရှင်ခြင်းတို့ကို မည်သူက ဂရုစိုက်နေပါမည်နည်း ။ 


ကြီးမြတ်သော ရှမင်းဆက်ခေတ်တွင် အမျိုးသမီးများက အမျိုးသားများထက် ပိုနိမ့်ကျတာ ရှင်းလင်းပါ၏ ။ အမျိုးသမီးများမှာ တော်ဝင်မျိုးနွယ်ဖြစ်နေလျှင်တောင် ဤခေတ်တွင် သူတို့က လက်ထပ်ပူးပေါင်းရန်အတွက် နယ်ရုပ်တစ်ရုပ်သာသာမျှသာ သတ်မှတ်ခံရသည် ။ ထို့ကြောင့် အသုံးမဝင်တော့သည့် နယ်ရုပ်တစ်ရုပ်ဖြစ်သော မကြာခင်သေတော့မည့် စုဝမ်မှာ အားလုံးထံမှ အစောကတည်းကပင် စွန့်ပစ်ခံရထားပြီးသားဖြစ်၏ ။ 


အအေးနန်းဆောင်မှာ ဝမ်အိမ်တော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည် ။ သို့သော် ဤနေရာတွင် မည်သည့် အနီရောင်ပျော်ပွဲရွှင်ပွဲဆင်ယင်မှုမှ မရှိပေ ။၎င်းက ဝမ်အိမ်တော်တစ်ခုလုံးနှင့် တခြားစီဖြစ်နေသည့်အတိုင်းပင် ။ 


နေဝင်ချိန်သို့ရောက်နေသော်လည်း အရှေ့ခြံဝင်းတွင် ပျော်ရွှင်မြူးတူးဖွယ် အသံများက ထွက်ပေါ်နေဆဲဖြစ်ပြီး ရပ်တန့်သွားတော့မည့်ပုံမပေါ်ပေ ။ မည်သည့်အဆင်အယင်မှမပါရှိသည့် အဝတ်အစားကို ဝတ်ထားသော စုဝမ်မှာ ခြံဝင်းအတွင်းရပ်နေပြီး ပင်မအိမ်တော်ရှိရာသို့ အဝေးမှ ငေးကြည့်နေ၏ ။ 


" သခင်မ ၊ ရာသီဥတုက အေးလာပြီ ။ ကျန်းမာရေးကို ဂရုစိုက်ပါ ။ "


လွိကျူးက ဂရုတစိုက်ဖြင့် နှင်းလိုဖြူဖွေးသော အပေါ်ထပ်ကို စုဝမ်ပုခုံးပေါ်သို့ ခြုံပေးလိုက်သည် ။ 


" တကယ်လို့ ရာသီဥတုက အေးနေတာဆိုရင် ငါ့ရဲ့ နှလုံးသားကိုရော အေးအောင် လုပ်နိုင်လောက်လား။"


စုဝမ်က ညင်သာစွာ သူမနှုတ်ခမ်းများကို အသာဖိကိုက်ထားမိ၏ ။ ဒီ****မှာ သမားတော်စီး၏ ဂရုစိုက်မှုဖြင့် သူမခန္ဓာကိုယ်က အလွန်သက်သာလာသည်။ 


ဒီခန္ဓာကိုယ်က အဲ့လောက်တောင် ထိခိုက်လွယ်လို့လား ။ 


အခု သူမက နည်းနည်းခါးသီးတဲ့ဇာတ်လမ်းမျိုး သရုပ်ဆောင်နေရပြီး အနည်းငယ်ရီဝေကာ သူမခြေလက်များကပင် အားအင်ချိနဲ့လာသလို ခံစားနေရသည်။


" ကျွင်းကျူ " 


ရှည်သွယ်သော ပုံရိပ်က ဂိတ်တံခါးဝမှ ဝင်လာ၏ ။ယနေ့ ညတွင် သမားတော်စီးက ဤမင်္ဂလာဧည့်ခံပွဲအတွက် အိမ်တော်မှ အပ်ချုပ်သမားက အထူးပြုလုပ်ပေးထားသော မှင်ပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ 


ဝတ်စုံများက အသစ်စက်စက်ဖြစ်ပြီး ချုပ်လုပ်ထားပုံမှာလည်း လှပသည် ။ သို့သော် သမားတော်စီးက ဤဝတ်စုံများကို ဝတ်ထားရင်း အနည်းငယ်ကို့ရို့ကားယားဖြစ်နေပုံပေါ်သည် ။ အထူးသဖြင့် ဧည့်ခံပွဲတွင် သူ့လုပ်ဖော်ကိုင်ဖက်များက သူ့ကို " မိန်းမတွေဆိုတာအဝတ်အစားတွေလိုပဲ " ၊  " အဟောင်းကမထွက်ရင် အသစ်ကလာမှာမဟုတ်ဘူး " အစရှိသဖြင့် ပြောကြသောကြောင့်ပင် ။သမားတော်စီးက သူ့သည်းခံမှုကို ဆက်မထိန်းထားနိုင်တော့ပေ ။ 


သူတို့က ဘာမှမသိဘဲနဲ့တောင် ကျွင်းကျူလေးကို အဝတ်ဟောင်းတွေနဲ့ နှိုင်းယှဥ်လိုက်သေးတယ် ။ 


ယဲ့ကျီးဟွာကိုလည်း သမားတော်စီးက သိသည် ။ အရင် ယဲ့ကျီးဟွာ၏ ဖျားနာမှုကို သူစမ်းသပ်ပေးစဥ်က သူမက အလွန်ကြင်နာပြီး နူးညံ့သိမ်မွေ့သော မိန်းမဟု သူတွေးခဲ့သည် ။ သို့သော်၊ ယနေ့ည သူမနှင့် ရွှမ်းယွမ်ရွေ့တို့ ဇနီးအဖြစ်အပ်နှင်းရန် အထိမ်းအမှတ်ပွဲကို ပျော်ရွှင်စွာ ကျင်းပနေကြချိန်တွင် သူမ၏ ပျော်ရွှင်မှုက ကျွင်းကျူလေး၏ နာကျင်ခံစားရမှုများကို အခြေတည်ပြီး တည်ဆောက်ထားရတာဖြစ်ကြောင်း သူချက်ချင်းတွေးမိလိုက်သည် ။ ဤအချိန်တွင် သမားတော်စီး၏ သူမအပေါ် အမြင်ကောင်းများက ချက်ချင်း ကျဆင်းသွားတော့သည်။ 


" တော်ဝင်သမားတော်စီး "


သမားတော်စီးကို မြင်သောအခါ စုဝမ် မျက်လုံးကျယ်သွားပြီး ချက်ချင်း တိတ်ဆိတ်သွား၏ ။ 


" စီးသခင်လေး ၊ ရှင်အချိန်မှန် ရောက်လာတာပဲ ။ "


လူနှစ်ယောက်ကြား၌ လွိကျူးက မရေမရာလေထုမျိုးကို မခံစားမိပေ ။ သူမက သမားတော်စီးဘက်သို့လှည့်ကာ အသနားခံနေသောပုံဖြင့် ကြည့်လိုက်သည်။


" ကျွင်းကျူကို သူမရဲ့ကျန်းမာရေးက အရေးကြီးတယ်ဆိုတာ မြန်မြန်လေး ဖျောင်းဖျပေးပါအုန်း ။ သူမ ဒီလိုသာ ဆက်ပြီးလေတိုက်ခံနေရင် သူမရဲ့ ခန္ဓာကိုယ်က တောင့်ခံနိုင်တော့မှာမဟုတ်ဘူး ။ " 


" ကျွင်းကျူ " 


သမားတော်စီး၏ နှလုံးသားက နာကျင်လာရပြီး မြန်မြန်လျှောက်သွားလိုက်သည် ။ 


" ကျေးဇူးပြုပြီး အခန်းကို ပြန်သွားပါ ။ ဒီနေ့ ကျွန်တော်...ကျွင်းကျုအကြိုက်ဆုံး နူးညံ့တဲ့ကျောက်စိမ်းကိတ်မုန့်ကို ယူလာတယ် ။ " 


ထိုသို့ပြောရင်း သမားတော်စီးက သူ့ရင်ဘတ်ထဲမှ မြို့တော်ရှိ အထူးပြုလုပ်ထားသောဆိုင်မှ မုန့်ထုပ်ကို ထုတ်လိုက်သည် ။ 


" ကျွန်မ ဗိုက်မဆာဘူး ။ "


စုဝမ်၏ အကြည့်တို့က တောက်ပနေပြီး အဝေးရှိ မီးရောင်များကို မျှော်ကြည့်နေသည် ။ ထို့နောက် သူမက သမားတော်စီးကို လေးနက်စွာကြည့်လိုက်၏ ။


" သမားတော်စီး ၊ ရှင် ကျွန်မကို .အဝေး " 


သမားတော်စီး၏ အကြည့်တို့က ချက်ချင်းတောက်ပသွား၏ ။ 


ကျွင်းကျူ ဘာပြောလိုက်တာလဲ ။ 


သူမကို အဝေးကို ခေါ်ထုတ်သွားပေးခိုင်းတာလား။


အတွေးက ချက်ချင်းသူ့ခေါင်းထဲတွင် ထွက်ပေါ်လာပြီး  သူထပ်ပြီး ထိန်းချုပ်မထားနိုင်တော့ပေ ။ 


ဤနေရာက သူမအလွန်ဝမ်းနည်းနေရသည့် နေရာ။ ဤနေရာမှ ထွက်ခွာသွားချင်သည့် သူမဆန္ဒက ဘာမှ မှားယွင်းမနေပေ ။ 


ပြီးတော့ သူမက ဝမ်ဖေးလည်း မဟုတ်တော့ဘူး ။ ဒါဆို သူမကို သူ မခေါ်ထုတ်သွားနိုင်စရာ ဘာအကြောင်းရှိမှာလဲ ။ 


ဤသို့တွေးရင်း သမားတော်စီး တစ်ကိုယ်လုံးပင် တုန်ရီလာ၏ ။ သို့သော် စုဝမ်၏ အသံက ထိုတွင် ရပ်သွားသည် ။ 


"  ခေါ်သွား " ဆိုသော စကားကို ထပ်မပြောပေ ။ အဘယ်ကြောင့်ဆိုလျှင် မြင့်မားပြီး သန်မာပုံရသော ပုံရိပ်က ရုတ်တရက် အမှောင်ထဲမှ ထွက်ပေါ်လာသောကြောင့်ပင် ။ 


နက်မှောင်သော မျက်ခုံး ၊ သွေးဆာနေသော မျက်ဝန်းများ ။ 


ထိုယောက်ျားက အလွန်ရက်စက်ကြမ်းကြုတ်ပုံရပြီး လရောင်အောက်ရှိ တသီးတသန့်ဆန်သော ပုံစံနှင့်အတူ စုဝမ်အား ထူးဆန်ပြီးဆွဲဆောင်မှုရှိသော နတ်ဆိုးအပြုံးမျိုး ပြုံးပြနေ၏ ။ 


" ရှောင်စုဝမ် ၊ ကိုယ်မင်းကို လာခေါ်တာ ။ အိမ်ပြန်ကြမယ် ။ " 


ထိုအသံကို ကြားလိုက်လိုက်ချင်း လွိကျူးက သရဲတစ္ဆေတွေ့သွားသလိုပင် ။ သူမ၏ မျက်နှာက သေလောက်အောင် ဖြူဖျော့နေပြီး ရုတ်တရက် စုဝမ်အနောက်တွင် ဝင်ပုန်းမိသွားသည် ။ 


" စစ်သူကြီးစု " 

သမားတော်စီးလည်း ခဏလောက် မှင်သက်သွား၏။ သူလှည့်လိုက်သောအခါ သံချပ်ကာ ဝတ်ထားသော စုရွေ့ကို တွေ့လိုက်ရသည် ။ 


အဖေက ခြင်္သေ့ဆိုလျှင် သားက ခွေးတော့မဖြစ်နိုင်ဟု ဆိုကြသည် ။စုကျားမှာ အိုမင်းနေပြီး မိသားစု၏ ထင်ပေါ်သော စစ်သူကြီးဖြစ်၏ ။ စုရွေ့က တစ်ဦးတည်းသော သားဖြစ်သော်လည်း သူက သူ့အဖေထက်ပင် ပို၍ အင်အားကြီးပြီး သွေးဆာသူဖြစ်သည် ။ ငယ်ရွယ်စဥ်ကတည်းပင် ကြီးမြတ်သော ရှခေတ်၏ သမိုင်း၌ အသက်အငယ်ဆုံး စစ်သူကြီးတစ်ယောက်ဖြစ်လာပြီး တစ်တိုင်းပြည်လုံးကို အံ့အားသင့်စေခဲ့သည် ။


စုဝမ် သူမလက်ကို တင်းတင်းဆုပ်ထားမိပြီး နောက်ဆုံးမှ လွှတ်ချလိုက်သည် ။ 


သူမ ကြောက်ရွံ့နေဆဲပင် ။ 


သမားတော်စီးက စုဝမ်နှင့် အလွန်နီးကပ်နေ၏ ။ သူမ နှင့် လွိကျုး ထူးဆန်းနေတာကို သူက ပထမဆုံး သတိထားမိသူဖြစ်သည် ။ စုဝမ်က စုမိသားစုမှ စွန့်ပစ်ခံလိုက်ရပြီဟု အပြင်လူများက ပြောကြသည်။


တကယ်တမ်း သူမကို စွန့်ပစ်ရတဲ့ အကြောင်းအရင်းက ဘာများလဲ ။ 


ဤအတွင်းလျှို့ဝှက်ချက်ကို မည်သူမှ မသိပေ ။


" ကျွင်းကျူ..."


သမားတော်စီးက ဘာကိုမှကို ဂရုမစိုက်ဘဲ စုဝမ်၏ လက်ကို ဖမ်းဆွဲလိုက်ချင်သော်လည်း စုဝမ်က ရှောင်တိမ်းလိုက်သည် ။ သူမက သမားတော်စီးကို မျှော်လင့်ချက်မဲ့နေသော အပြုံးတစ်ခုသာပေးလိုက်၏။ 


" တိတိ ( မောင်လေး) ၊ တကယ်ပဲ ငါ့ကို လာခေါ်တာလား ။ " 


ရှင်က ဒီလိုအချိန်မှာ ရောက်လာတယ်ပေါ့ ။ 


ရှင်က တကယ်ပဲ ဒီလိုသောက်အချိန်မျိုးမှာမှ ရောက်လာတယ်ပေါ့ ။ 


စုဝမ် သူမ၏ နှလုံးသားအောက်ခြေမှပင် စုရွေ့ကို တစ်ရာ့ရှစ်ခေါက်လောက် ကျိန်ဆဲနေမိသည် ။ သူမ မျက်နှာပေါ်တွင်တော့ သူမက အားနည်းနူးညံ့ပုံရနေဆဲဖြစ်ပြီး သူမ၏ နှလုံးသားမှာ သေဆုံးနေပြီး ရေလို ငြိမ်သက်နေ၏ ။ သူမ ထပ်ပြီး ချစ်စရာကောင်းသည့်အမူအရာမျိုး မလုပ်ထားနိုင်တော့ပေ ။ 


" မင်းလက်ထပ်သွားတုန်းက ကိုယ်ဘာပြောခဲ့လဲ မှတ်မိလား ။ " 


စုရွေ့က တစ်လှမ်းချင်းလှမ်းလာ၏ ။ ဖိနှိပ်မှုအပြည့်နှင့် နောက်ဆုံးတွင် စုဝမ်ရှေ့၌ ရပ်လိုက်သည် ။ ဘေးရှိ သမားတော်စီးကို လျစ်လျူရှူထားပြီး စုရွေ့၏ သန်မာပြီး ခန့်ညားသော အရပ်က စုဝမ်၏ အမြင်တစ်ခုလုံးကို ဖုံးကွယ်သွားသည် ။ အင်းအားကြီးသော လက်နှစ်စုံက စုဝမ်ကို အလွယ်တကူ ပွေ့ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏ ။ 


ဤပွေ့ဖက်မှုက သန်မာပြီး သိပ်သည်းသော သွေးအနံ့တို့ဖြင့် အေးစက်နေသည် ။ 


" ရွှမ်းယွမ်ရွေ့ မင်းကို မလိုချင်တော့ဘူးဆိုတာနဲ့ ကိုယ်မင်းကို လာခေါ်မယ် ။ "


စုရွေ့က စုဝမ်၏ နားရွက်အနီးသို့ ငုံ့ကိုင်းလိုက်ပြီး သူ့နှုတ်ခမ်းတို့က သူမ နားရွက်ကို ထိစပ်လုနီးနီးပင် ။ သူ၏ သိပ်သည်းပြီး နွေးထွေးသော အသက်ရှူထုတ်မှုက စုဝမ်၏ နားထဲသို့ မှုတ်ထုတ်လိုက်သည် ။ 


မင်းအမေပဲ ။ သူမတစ်ကိုယ်လုံး ကြက်သီးထနေပြီ ၊ သိရဲ့လား ။ 


စုဝမ်က သူမကံကြမ္မာကို လက်ခံလိုက်သည့်အတိုင်း သူမမျက်လုံးတို့ကို မှိတ်ထားရင် စုရွေ့၏ ပွေ့ဖက်မှုကို ခွင့်ပြုထားလိုက်သည်။ ထိုအမျိုးသား၏ အသက်ရှူသံက အေးစက်ကြမ်းတမ်းပုံရသော်လည်း စုဝမ်ကို ဖမ်းဆုပ်ထားသော အမူအရာက မထင်ထားလောက်အောင် နူးညံ့ညင်သာနေ၏ ။ 


" လွိကျူး ၊ မလာသေးဘူးလား ။ "


အသံတိုးတိုးက ထွက်ပေါ်လာချိန်တွင် စုရွေ့ကြောင့် ကြောက်လန့်နေသော လွိကျူးမှာ ချက်ချင်းပဲ သူ့ဆီပြန်သွားပြီး သူ့နောက်မှ အထိတ်တလန့် လိုက်လာ၏ ။ 


" စစ်သူကြီးစု ၊ ကျွင်းကျူ..သူမ "


သူ့နောက်တွင် သမားတော်စီးက မနေသာတော့ဘဲ ပါးစပ်ပြန်ဟလိုက်သော်လည်း စုရွေ့က အကြင်နာမဲ့စွာ ဖြတ်ပြောလိုက်သည် ။ 

" ကျုပ် ကျယ်ကျဲရဲ့ ကိစ္စကို ခင်ဗျားဘာမှ ဂရုစိုက်နေစရာမလိုဘူး ။ သူ့မှာ ကျုပ်ရှိနေရင် လုံလောက်ပြီ။ "


မင်းအစ်မက ကြမ်းကြုတ်တဲ့ နတ်ဆိုးကို ထိန်းချုပ်နေတာပဲ ။


စုဝမ်က သူမမျက်လုံးကိုပိတ်ကာ စုရွေ့ရင်ခွင်ထဲတွင် မှီနေလိုက်သည် ။ သူမတွင် ဟာသလုပ်နေဖို့ ဘာအားအင်မှ ရှိမနေချေ ။ သူမအပေါ်၌ သမားတော်စီး၏ အမြင်ကောင်းများ ရအောင်လုပ်နိုင်မည်ဟု တွေးထားသော်လည်း ထပ်ပြီး ဘာအခွင့်အရေးမှမရှိတော့ပေ ။ 


သမားတော်စီး ၊ သမားတော်စီး ....ရှင်က ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကြား စိတ်ဝမ်းကွဲအောင် မျိုးစေ့ချပေးပြီး ဒီအစ်မကို မျက်နှာသာပေးလို့ရပါသေးတယ် ။ ဒီအစ်မက ရှင်ရဲ့ တိုက်ခိုက်ပေးမယ့် အင်အားကို လိုနေတုန်းပဲ ..အာ။ 


အအေးဆောင်မှ ပင်မအိမ်တော်ထိက တကယ်တမ်း သိပ်မဝေးပေ ။ 


လမ်းတစ်လျှောက် နေရာအနှံ့ တောက်ပသော အနီရောင်မီးပုံးများ ရှိနေ၏ ။ စုဝမ် သူမမျက်နှာကို စုရွေ့၏ ရင်ခွင်ထဲ၌ မြှုပ်နှံထားသည် ။ သူက အလွန်ထူသော သံချပ်ကာကို ဝတ်ထားသော်လည်း စုဝမ်၏ လှုပ်ရှားမှုကို စုရွေ့က အသေအချာသတိပြုမိလိုက်သည် ။ 


သူမ ငိုနေတာ...


" အဲ့လို အကြင်နာမဲ့ပြီး မတည်မြဲတဲ့ ယောက်ျားအတွက် ၊ တန်လို့လား ။ " 


စုရွေ့၏ အသံထဲမှ လှောင်ပြောင်မှုကို ကြားရသောအခါ မျက်လုံးများနီရဲနေသော စုဝမ်က စုရွေ့၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည် ။ 

" ငါ့ကို ခေါ်သွားပေး " 


" အခုထိ လက်မလျှော့ချင်သေးဘူးလား ။ " 


စုရွေ့၏ မျက်ခုံးက မြင့်တက်သွားပြီး သူ၏ အသံမှာ နည်းနည်းမှ စိုးရိမ်နေပုံမပေါ်ပေ ။ 


" မဟုတ်ဘူး ။ အဲ့ဒါက ငါကိုယ်တိုင် လုံးဝလက်လျှော့သွားအောင်လို့ " 


စုဝမ်၏ အသံက အရမ်းတိုးနေသော်လည်း စုရွေ့က ရှင်းရှင်းလင်းလင်း ကြားလိုက်သည် ။ သူ့မျက်ဝန်းထဲ၌ အေးစက်သောအရိပ်ယောင်က ထင်ဟပ်သွားပြီး သူ၏ နှုတ်ခမ်းက သွေးဆာနေသည့်ဟန်ဖြင့် မြင့်တက်သွားသည် ။ တစ်ဖက်သို့လှည့်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လေထဲသို့ မြင့်တက်သွားပြီး မြင့်မားသော နံရံများပေါ်သို့ နင်းလိုက်၏ ။ စုရွေ့က လေထဲသို့ ခုန်လိုက်ချိန်၌ စုဝမ်ကို သူ့လက်ထဲ၌ ပွေ့ထားသည် ။


ဤအချိန်တွင် အခမ်းအနား၏ ဝမ်ဖေး ရာထူး အပ်နှံခြင်း အစီစဥ်က ပြီးဆုံးနေလေပြီ ။ ရွှမ်းယွမ်ရွေ့က အနီရောင်နန်းတွင်းဝတ်စုံဝတ်ထားသော ယဲ့ကျီးဟွာနှင့်အတူ ပျော်ရွှင်နေ၏ ။ သူတို့က ဝန်ကြီးများအုပ်စုနှင့် ရယ်လိုက်မောလိုက် စကားပြောနေကြသည် ။ ဤအချိန်တွင် တံခါးရှိ အစောင့်များမှာ ရုတ်တရက် အော်ဟစ်လာကြပြီး အားလုံးက ပြင်းထန်သောလေအေးက တိုက်ခတ်သွားတာကို ခံစားမိလိုက်သည်။ မြင့်မားပြီး ကြံခိုင်သော ပုံသဏ္ဍာန်က အားလုံးပေါ်မှ ပျံဝဲတက်လာ၏ ။ 


" တစ်ယောက်ယောက်လာကြ ။ ဝမ်ယဲ(အရှင်)ကိုကာကွယ်။"


အစောင့်တပ်ဖွဲ့များက အမြန်ပြေးဝင်လာပြီးဘယ်သူက ကျူးကျော်လာသလဲဆိုတာကို အားလုံးက ကြည့်ဖို့စောင့်စားနေကြသည် ။ ထို့နောက် အစောင့်များအားလုံးက  မှင်သက်ပြီး တောင့်တင်းသွားကြသည် ။


မဟုတ်ဘူး ။ ခန်းမထဲက လူအကုန်လုံး ဆွံအသွားကြတာလို့ ပြောသင့်တာပေါ့ ။ 


စုရွေ့လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားပေ ။ပြီးတော့ လာတော့လည်း ဒီလိုပုံစံနဲ့ ။ 


( note: ရွှမ်းယွမ်ရွေ့နေတဲ့ ယွဲ့ဝမ်အိမ်တော် နဲ့ ဝမ်အိမ်တော်က အတူတူပါပဲ ။ e-tranမှာက ယွဲ့ဝမ်ရေးလိုက် ' ဝမ် ' ရေးလိုက်ဖြစ်နေလို့ သူ့အတိုင်းပဲပြန်ပေးထားပါတယ် ။ )


🚩

Report Page