Chapter 33

Chapter 33


🚩Ch 33

Arc -2.17 နဝမမြောက်အိပ်မက်ဆိုး


ဘော့စ်ပိုင်၏နယ်မြေသည် မြို့တော် C ၏မြောက်ဘက်တွင်ဖြစ်သည်။ထိုနေရာသည် လူထု၏ စည်းမျဥ်းစည်းကမ်း ညံ့ဖျင်းသော မြို့ဟောင်းတစ်ခုဖြစ်သည်။ 


ချီမူသည် မြောက်ဘက်သို့ ကားမောင်းလာပြီး ပန်းခြံအပြင်ဘက်တွင် ရပ်လိုက်သည်။စုဝမ်သည် ပိုင်ရှောင်ယွဲ့ကို ဖုန်းခေါ်ရန် စဉ်းစားပြီး ဖုန်းလိုက်ရှာရာ သူမ ဖုန်းပျောက်နေကြောင်း သိလိုက်ရ၏။ 


 "ကိုယ် ခေါ်လိုက်မယ်"


 နောက်ထိုင်ခုံမှာထိုင်နေသည့်  ရိကျစ်ရွှမ်က သူ့ဖုန်းကို ထုတ်လိုက်သည်။သူသည် ဆင်းရဲသောကြောင့် သူ့ဖုန်းမှာ ယခင်က သူ့ဆွေမျိုးများအသုံးပြုခဲ့သော တစ်ပတ်ရစ်ပြည်တွင်းဖုန်းဟောင်းဖြစ်သည်။


ရိကျစ်ရွှမ် ဖုန်းကို ရှာတွေ့သည်နှင့် ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ဖုန်းက ချိတ်ဆက်သွားသော်လည်း မည်သူမျှ ဖြေကြားခြင်းမရှိပေ။


 "ဒူဒူ......"


သူ မျက်မှောင်ကြုတ်လိုက်မိသည်။  ဖုန်းကိုင်သူမရှိ၍ ဆက်သွယ်မှုပြတ်တောက်တော့မည်ဟု သူ တွေးလိုက်ချိန်မှာပင် ဖုန်းက မထင်မှတ်ပဲ ချိတ်ဆက်သွားလေသည်။


 "ရိကျစ်ရွှမ်လား"


 ဖုန်းထဲကနေ ကြည်လင်ပြီး ကြည်နူးစရာကောင်းသည့် အသံက သံသယအရိပ်အမြွက်တို့ စွန်းထင်းနေ၏။ ဤသည်က ပိုင်ရှောင်ယွဲ့၏အသံမဟုတ်။


ရိကျစ်ရွှမ် စကားမပြောတာကြောင့် ဖုန်းတစ်ဖက်ကလူက ခဏရပ်ပြီး "ငါက မုန့်ထင်ယောင် ပါ၊ အခု ပိုင်ရှောင်ယွဲ့နဲ့အတူ ရှိနေတာပါ"


မုန့်ထင်ယောင် ...


ရိကျစ်ရွှမ်သည် မုန့်ထင်ယောင်၏ ဘယ်သူနှင့်‌မှမရောဘဲ ခပ်ခွာခွာနေတတ်သည့် အကျင့်စရိုက်နှင့် နူးညံ့သိမ်မွေ့သော မျက်နှာလေးကို ချက်ချင်းသတိရလိုက်သည်။ မုန့်ထင်ယောင်ကို ကျောင်းဝင်းထဲက နတ်သမီးအဖြစ် အသိအမှတ်ပြုထားကြသည်။သူမသည် မရေမတွက်နိုင်သော အမျိုးသားကျောင်းသားများအတွက် စိတ်ကူးယဉ်ချစ်သူနှင့် ပစ်မှတ်လည်းဖြစ်ခဲ့သည်။ တခြားကျောင်းသားများလို ရိကျစ်ရွှမ်သည် သူမကို ဘယ်တုန်းကမှ မလိုက်ခဲ့သော်လည်း၊သူမကို နတ်ဘုရားမအဖြစ် သူ့နှလုံးသားထဲမှာ လက်ခံထားလေ၏။


မုန့်ထင်ယောင် အသံကို ကြားလိုက်ရလျှင် ရိကျစ်ရွှမ်၏မျက်နှာက စိတ်သက်သာရာရသွားသည်။


 "မင်း အခု ပိုင်ရှောင်ယွဲ့နဲ့ ရှိနေတာလား၊ မင်း အန္တရာယ်တွေ ကြုံခဲ့ရ‌သေးလား"


 "အန္တရာယ်လား" ဖုန်းထဲမှ မုန့်ထင်ယောင် အသံက အနည်းငယ် အံ့သြသွားပြီး "ဘာအန္တရာယ်လဲ"


 "ပိုင်ရှောင်ယွဲ့က သရဲတွေရဲ့ ပထမဆုံးပစ်မှတ်ပဲ၊ အခု သူမ အန္တရာယ်ရှိနေပြီ၊ မင်းသူနဲ့အတူရှိနေရင် မင်းအန္တရာယ်ကြုံလိမ့်မယ်၊မင်းတို့ ဘယ်ရောက်နေလဲ၊ မင်းကို ငါ လာရှာမယ်"


ရိကျစ်ရွှမ်၏ လေသံမှာ အနည်းငယ် စိတ်ပူရိပ်များ ဖြစ်သွားသဖြင့် ကားရှေ့တွင်ရှိနေသည့် စုဝမ် မျက်မှောင်ကြုတ်လိုက်သည်။


 "ငါတို့ ဟုတ်လား"


ရိကျစ်ရွှမ်၏ စိုးရိမ်စိတ်နှင့် ယှဉ်လိုက်လျှင် မုန့်ထင်ယောင်သည် အလွန်တည်ငြိမ်လျက်ရှိသည်။ တကယ်တော့ သူမသည် ရိကျစ်ရွှမ်၏ သဘောထားကို စမ်းသပ်နေခဲ့ခြင်းပင်။ယခုအချိန်အထိ သူမ စိတ်တည်ငြိမ်နေသည်ဟုဆို၍ရသော်လည်း "ငါတို့" ဟူသော စကားလုံးက သူမကို တုံ့ဆိုင်းသွားစေခဲ့သည်။


ရိကျစ်ရွှမ် နဲ့ရှိနေတာ ဘယ်သူလဲ။


 သူနဲ့အတူရှိနေတဲ့သူဟာ ယုံကြည်ထိုက်သူလား။


 "နင်က ဘယ်သူနဲ့အတူရှိနေတာလဲ"  


မုန့်ထင်ယောင်သည် ရိကျစ်ရွှမ်နှင့် ရှိနေသူ၏အမည်ကို ဦးစွာသိချင်သည်။


 " စုဝမ် နဲ့ ချီမူပါ"


စုဝမ်၊ ချီမူ...


"ပိုင်ရှောင်ယွဲ့ ဒဏ်ရာရထားတာ၊ငါတို့ အခု ဘေးကင်းတဲ့နေရာကို ရောက်နေပါပြီ၊ နင် ငါတို့ကို ရှာလို့ရပေမယ့် တစ်ယောက်တည်းပဲ လာပါ"


ရိကျစ်ရွှမ်ကို ယုံကြည်နိုင်သည်ဟု သူမ ခံစားမိသော်လည်း 100% မဟုတ်ပေ။ ချီမူကိုလည်း သူမ ပို၍ပင် သံသယဖြစ်မိသည်။ ထို့ကြောင့် သူမသည် ရိကျစ်ရွှမ် နှင့် တွေ့ဆုံရန်သာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ဤနည်းဖြင့် သူမတို့နှစ်ဖက်စလုံး၏ လုံခြုံရေးကို များစွာ အာမခံနိုင်သည်။ ရိကျစ်ရွှမ်ကို မယုံကြည်နိုင်လျှင်တောင် အနည်းဆုံးတော့ သူတစ်ယောက်တည်းပင်။ သူမနှင့် ပိုင်ရှောင်ယွဲ့တို့က နှစ်ယောက်ဖြစ်၍ အနည်းငယ် စိတ်သက်သာရာရ၏။စုဝမ် သို့မဟုတ် ချီမူ ပါရှိနေပါက၊ ပို၍ဒုက္ခဖြစ်နိုင်လိမ့်မည်။


မုန့်ထင်ယောင်၏ စကားကိုကြားသော် ရိကျစ်ရွှမ် ခဏစဉ်းစားပြီး သူမ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။ မကြာခင်မှာပဲ ရိကျစ်ရွှမ် ဖုန်းချလိုက်ပြီး ကားတစ်စီးလုံး ခဏလောက် ငြိမ်သက်သွားသည်။


 "မင်း စဉ်းစားပြီးပြီလား"


ချီမူသည် ရိကျစ်ရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။ ရိကျစ်ရွှမ်က ခေါင်းညိတ်လိုက်ပြီး "အခုအချိန်မှာ သီးခြားအလုပ်လုပ်တာက ငါတို့အတွက် အကျိုးမရှိဘူး"


 တကယ်တော့ သူ့စိတ်ကူးက ရိုးရှင်းလှပေ၏။ ပိုင်ရှောင်ယွဲ့က နံပါတ် 1 ဖြစ်သည့်အတွက် ပိုင်ရှောင်ယွဲ့ ဘေးမှာ သူ ရှိနေဖို့လိုသည်။ သူမကို သတ်လိုက်သည်နှင့် သူ့စွမ်းရည်ကလည်း မြင့်မားလာလိမ့်မည်။ဤနည်းဖြင့် ကျန်သရဲများကိုလည်း တစ်ရှိန်ထိုး စုစည်းနိုင်မည်ဖြစ်သည်။


 ဤသည်မှာ အမြန်ဆန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။  နောက်ထပ်အချက်တစ်ခုမှာ ဤကမ္ဘာ၏ စည်းမျဉ်းများနှင့် ပတ်သက်၍ ချီမူ ပြောသလောက် မရိုးရှင်းကြောင်း သူ သဘောပေါက်ထားသည်။ 


 သရဲတစ္ဆေတွေက လူကို သတ်လိုက်ရင်  ဆက်အသက်ရှင်နေထိုင်ခွင့် ရမယ်ဆိုတော့လူတွေက သရဲတစ္ဆေကို သတ်ရင်လည်း ဆုလာဘ်ရမှာများလား... ဒီလိုမှမဟုတ်ရင် ချီမူက ချမ်ယွီဖုန်းကို လုံးဝတုံ့ဆိုင်းမနေဘဲ ဘယ်လိုသတ်မှာလဲ။


ရိကျစ်ရွှမ်သည် အစောပိုင်းကတည်းက ချီမူ အပေါ် သံသယအချို့ရှိခဲ့သည်။ ယခုတော့ ပိုင်ရှောင်ယွဲ့ ဘယ်မှာရှိနေမှန်း သူ သိလိုက်ရ၍ သူ၏ထင်မြင်ယူဆချက်ကို စမ်းသပ်ဖို့ အခွင့်အရေးရနေပေပြီ။


 ဤပတ်ဝန်းကျင်မျိုးတွင် လူအချင်းချင်းကြားမှ ယုံကြည်မှုသည် ဆတ်ဆတ်ထိမခံဘဲ ပျက်စီးလွယ်နေပြီဟု ဆိုနိုင်သည်။ ရိကျစ်ရွှမ်လည်း သူ့အတွက် အကျိုးအမြတ်ကို အမြင့်ဆုံးလိုချင်ပြီး သူ့ကိုယ်သူ အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် လုပ်ချင်သည်။ဤသည်ကလည်း လူ့သဘောမနောပင်။


 "ဒါဆို ကားပေါ်က ဆင်းလိုက်၊ တစ်နေရာရာမှာ ပြန်ဆုံကြမယ်"


ချီမူသည် ကားသော့ကိုဖွင့်ပေးလိုက်ရာ ရိကျစ်ရွှမ် ကလည်း မဆိုင်းမတွ ထွက်ခွာသွားခဲ့သည်။ နောက်ကြည့်မှန်မှတစ်ဆင့် ရိကျစ်ရွှမ် ဖုန်းခေါ်ဆိုနေရင်း လမ်းကြားတစ်ခုဆီသို့ လျှောက်သွားသည်ကို စုဝမ် တွေ့လိုက်ရသည်။


 "ဘာလဲ၊ မခွဲနိုင်ဘူးလား"


ချီမူသည် စုဝမ်၏အကြည့်ကို သတိပြုမိပြီး မေးလိုက်သည်။စုဝမ် ခေါင်းယမ်းလိုက်ပြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။


 "သူနဲ့ ခွဲရတာ မကြိုက်စရာအကြောင်း မရှိပါဘူး၊ ရိကျစ်ရွှမ်ကို ကျွန်မတခါမှ နားမလည်ခဲ့ဘူးလို့ ခံစားရတယ်"


စကားပြောနေစဉ် စုဝမ်သည် သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ထိုင်ခုံ နောက်ဘက်သို့ မှီထားလိုက်သည်။


"ချီမူ ကျွန်မတို့ဘာဆက်လုပ်ရမလဲ"


 "ဗိုက်ဆာနေလား"


ချီမူက သူမ အမေးကို မဖြေဘဲ အကြောင်းပြချက်မရှိစွာ မေးခွန်းတစ်ခုမေးလာသည်။


 ဗိုက်ဆာလားတဲ့...


 တိုက်ပွဲကို သတိထားနေရပြီး ကြောက်ရွံ့သည့်ခံစားချက်က ကြီးစိုးထား၍ စုဝမ် ဆာလောင်မှုကို မခံစားရချေ။ ယခု ချီမူ မေးသံကိုကြားတော့မှ သူမ ရုတ်တရက် ဗိုက်ဆာလာသည်။


 "သွားကြည့်ရအောင်လေ၊အရသာရှိတဲ့ အရံဟင်းလျာတွေပါတဲ့ စားသောက်ဆိုင်တွေ အများကြီးကို ကိုယ် သိတယ်"


 "ဒါပေမယ့်....."


စုဝမ် တစ်ခုခုပြောဖို့ပြင်သော်လည်း ချီမူက အမြန်လမ်းမှာ အရှိန်တင်၍ မောင်းနေပြီဖြစ်သည်။ လမ်းတလျှောက်လုံး မီးနီမမိပေ။


စုဝမ် ရုတ်​တရက်​ အိပ်​ငိုက်​သွား​ပြီး မကြာမီ အိပ်ပျော်သွားသည်။ သူမ အိပ်ပျော်သွားသည်ကို မြင်ပြီးနောက်၊ ချီမူ အရှိန်လျှော့ကာ သူမ မျက်နှာကို ကြည့်လိုက်သည်။


 "​ကောင်း​ကောင်းအိပ်​နော်​၊ အဆင်​​ပြေပါတယ်​"


ချီမူ ငြီးတွားသလို ပြောလိုက်ပြီး သူ့မှတ်ဥာဏ်ထဲကအတိုင်း ကားကို တစ်လမ်းမောင်းအဖြစ် ပြောင်းလိုက်သည်။


*****


လမ်းမထက်တွင် ဖန်းရှုကျွင်းသည် တစ်ယောက်တည်း တိတ်တဆိတ် လျှောက်လာခဲ့သည်။ လမ်းမီးတိုင်မှ အလင်းရောင်ကြောင့် သူ့အရိပ်က ရှည်မြောမြောဖြစ်နေသည်။ သူ ဘယ်လောက်ဝေးဝေး လျှောက်လာမိမှန်း မသိ၊ ဖုန်းမြည်သံကြားမှ သူ့ကို လက်တွေ့ဘဝထဲ ပြန်ရောက်သွားစေလေသည်။


ဖန်းရှုကျွင်း ဖုန်းကိုထုတ်လိုက်သည်။ သူ့ဖုန်းစခရင်မှာ သွေးများကြောင့် စေးကပ်နေ၏။ ဤသွေးများက ပိုင်ရှောင်ယွဲ့၏ သွေးပင်။


အလင်းရောင် မှိန်ဖျော့ဖျော့ဖျော့ အောက်တွင်၊ ဖန်သားပြင်မှ အဖြူရောင်အလင်းသည် ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။ 


 "ရိကျစ်ရွှမ်" ဆိုသည့် စကားလုံးသုံးလုံးကို မြင်သော် ဖန်းရှုကျွင်း လှောင်ပြောင်သလို ရယ်လိုက်ပြီး ဖုန်းချသည့်ခလုတ်ကို နှိပ်လိုက်၏။


ထို့နောက် သူသည် သန်းခေါင်ယံ တစ္ဆေသရဲ တစ္ဆေလို လမ်းပေါ်တွင် လမ်းဆက်လျှောက်လာသည်။သူ့ဖုန်း အဆက်မပြတ် မြည်လာ၏။ယခုတစ်ကြိမ် ခေါ်ဆိုသူ၏ ID မှာ "ချင်လု" ဖြစ်သည်။


 ဘယ်လောက်ဒုက္ခပေးလိုက်သလဲ။


ဖန်းရှုကျွင်း ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး ဖုန်းကို မြက်ခင်းထူထူထဲ ပစ်ချလိုက်သည်။ ထို့နောက် စိတ်တိုတိုနှင့် မျက်မှန်ကို ဆွဲချွတ်လိုက်၏။ယခုဆို သူ့မျက်လုံးဝိုင်းဝိုင်းတို့သည် အလွန်ကြည်လင်တောက်ပနေ၏။


 ငါ ဘယ်ကိုသွားရမလဲ၊ ငါနောက်ထပ်ဘယ်သူနဲ့တွေ့ရမလဲ။


ယခုအချိန်တွင် သူသည် ရှုပ်ယှက်ခတ်နေသော လမ်းဆုံတစ်ခုတွင် ရပ်နေခြင်းဖြစ်သည်။ သူ့မျက်နှာကလည်း ပျက်ယွင်းနေ၏။ ထိုအချိန်တွင် ကားတစ်စီးသည် လမ်းထောင့်မှ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။  သူ အနည်းငယ် ထိတ်လန့်သွားပြီး လျှပ်စီးကြောင်းလို လျင်မြန်သောအရှိန်ဖြင့် အနီးနားရှိ ပန်းပင်ကြီးတစ်ပင် နောက်တွင် ချက်ချင်း ပုန်းနေလိုက်သည်။


 ကားသည် ဖြည်းညှင်းစွာ မောင်းနှင်နေသောကြောင့် ရှေ့ခရီးသည် ထိုင်ခုံတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော စုဝမ်နှင့် သူမဘေးမှ အာရုံစိုက်မောင်းနှင်နေသော ချီမူကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။


စုဝမ် နဲ့ ချီမူက ဘာလို့တွဲနေတာလဲ...


ဖန်းရှုကျွင်း အနည်းငယ် စိတ်ရှုပ်သွားသော်လည်း နောက်တစ်စက္ကန့်တွင် သူ့တစ်ကိုယ်လုံး အေးခဲသွားရတော့သည်။အကြောင်းမှာ သွေးစွန်းနေသည့် လက်တစ်ဖက်က သူ့ ပခုံးပေါ် ရုတ်တရက် ရောက်လာပြီး စိမ်းရွှင်ရွှင် သွေးနံ့ကို အသည်းအေးဖွယ် စူးကနဲရလိုက်တာကြောင့်။


 "ထိတ်လန့်နေစရာ မလိုပါဘူး၊ ငါပဲ"


 သူ့အနောက်ကနေ ထူးဆန်းသည့် အသံတစ်ခုထွက်လာမှ ဖန်းရှုကျွင်း၏ တင်းမာနေသည့် အာရုံကြောများက ချက်ချင်း ဖြေလျော့သွားရတော့သည်။


 "မင်းဒီကို ဘယ်လိုရောက်လာတာလဲ၊ မင်းကို ဘယ်သူက နာကျင်စေတာလဲ၊ ပြောစမ်းပါ"


ဖန်းရှုကျွင်း ညင်သာစွာ လှည့်ကြည့်လိုက်ပြီး စိုးရိမ်မှုအပြည့်နှင့် သူ့ရှေ့က ရင်းနှီးနေသည့် မျက်နှာကို ကြည့်လိုက်သည်။


🚩

Report Page