Chapter 32

Chapter 32


🚩Ch 32

Arc -2.16 နဝမမြောက်အိပ်မက်ဆိုး


သူမ အိပ်မက်မှ နိုးလာသည်နှင့် တစ်ကမ္ဘာလုံးသည် အချည်းနှီးသော လမ်းများနှင့် ထူးထူးခြားခြား ညများစွာကို ပြောင်းလဲသွားခဲ့သည်။


မုန့်ထင်ယောင်သည် အင်္ကျီလက်တွင်ဝှက်ထားသောဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး တိတ်ဆိတ်သော လမ်းပေါ်တွင် တစ်ယောက်တည်းလျှောက်သွားခဲ့သည်။ သူမ ဘယ်ကိုသွားရမည်မသိ။ အိမ်ရှိ အစေခံများသည်လည်း တစ်ညတာအတွင်း ပျောက်သွားကြသည်။ တစ်အိမ်လုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေရ၏။မနက် သုံးနာရီထိုးလာလျှင် သူမ ပို၍ပင် တုန်လှုပ်သွားရသည်။


 သူမ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့သော်လည်း မထွက်သွားခင်မှာ မီးဖိုချောင်ထဲက ဓားထက်ထက်တစ်ချောင်းကို ကောက်ယူပြီး အင်္ကျီလက်ထဲမှာ ဝှက်ထားခဲ့သည်။


သူမ ဘာလုပ်သင့်လဲ။ သူမ ဘယ်သူ့ကို ယုံသင့်သလဲ...


သူမမှာ ဖုန်းပါလာသော်လည်း ယခုအချိန်မှာတော့ ဘယ်သူ့ခေါ်ရမှန်း မသိသေးချေ။


သူမသည် အဆင့်အတန်းမြင့်သော အခွင့်ထူးခံမိသားစုဝင်အဖြစ် မွေးဖွားလာခြင်းကြောင့်၊ လူတိုင်း၏စိတ်ထဲတွင် သူမက နတ်ဘုရားမတစ်ပါးလို ဖြစ်လျက်ရှိသည်။သီးသန့်နေတတ်ပြီး အရောမဝင်သော မိန်းမလှလေးပင်။  


လူတိုင်းက သူမ၏ အေးစက်သော စရိုက်ကို မြင်ကြသောကြောင့် မည်သူမျှ သူမနှင့် အပေါင်းအသင်း မလုပ်ချင်ကြဘဲ အရူးအမူး စွဲလန်းနေသော ယောက်ျားလေးများကသာ သူမကို ဝိုင်းရံထားကြသည်။ သူမ ဤဘဝမျိုးကို ငြီးငွေ့နေခဲ့တာ ကြာခဲ့လေပြီ။


 တကယ်တော့ သူမသည် ယခင်က  သူငယ်ချင်းဖွဲ့ဖို့ မကြိုးစားခဲ့ခြင်းကြောင့်လည်း ပါသည်။သို့ဖြစ်၍ မိသားစုနောက်ခံ ကွာဟမှုကြောင့် သူမက လူတိုင်းနှင့် မလိုက်ဖက်သလို ဖြစ်သွားစေခဲ့တာပင်။


 ပိတ်ရက်များ၌ မိန်းကလေးအများစုသည် အပြင်ထွက်၍ ဈေးဝယ်ထွက်ကြသည်။သို့သော် မြို့တော် C ၏အကြီးဆုံး  ဈေးကြီးလက်ဝတ်ရတနာဆိုင်၊ ဖက်ရှင်ဆိုင်တို့မှလွဲ၍ မုန့်ထင်ယောင်သည် အခြားစတိုးဆိုင်များမှအဝတ်အစားများကို တစ်ခါမျှမဝတ်ဖူးပေ။


သူမ၏ အတန်းဖော်များသည် ပါတီပွဲအတွက် စုဝေးကြသောအခါတိုင်း၊ လူကြိုက်များသော ဘူဖေးစားသောက်ဆိုင်ကို ရွေးချယ်ကြပြီး စျေးနှုန်းသင့်တင့်သော ကိုယ်ပိုင် KTV အခန်းတွင်သာ ရွှင်မြူးစွာ သီချင်းဆိုကြ၏။သူမ၏ မျက်လုံးထဲတွင် ဤနေရာများသည် အထူးသဖြင့် အဆင့်အတန်းနိမ့်ကျပြီး သန့်ရှင်းမှုမရှိသော၊ မလုံခြုံသောနေရာများဖြစ်နေသည်။


ထိုပတ်ဝန်းကျင်မျိုးနှင့် သူမ လိုက်လျောညီထွေမဖြစ်နိုင်ချေ။ ထို့ကြောင့် သူမနှင့် ဘယ်အရာမဆို အလှမ်းကွာလျက်ရှိသည်။သူမနှင့် လိုက်ဖက်မှုမရှိခြင်းကြောင့် လူတိုင်းကို အမြင်မကြည်ဖြစ်ကာ အခြားသူများနှင့် မထီမဲ့မြင်ပြုတတ်လာသည်။


 ထို့နောက်တွင် မုန့်ထင်ယောင်သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးကို ပြင်ဆင်လိုက်သည်။ သူမသည် အဆင့်မြင့်အနောက်တိုင်း စားသောက်ဆိုင်တွင် အခြားသူများကို စားသောက်ရန် ဖိတ်ခေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူငယ်ချင်းများကို တမင်တကာ နှိမ့်ချအနိုင်ကျင့်သည်ဟု အခြားသူများက ပြောဆိုကုန်ကြသည်။


 ဒါတွေကို မုန့်ထင်ယောင် နားမလည်နိုင်ခဲ့ဘူး...


 သူမသည် စတိုင်ကျသောအဝတ်အစားများကို ဝတ်ဆင်ရသည်မှာ ကျင့်သားရနေ၍ ထိုဘရန်းအသေးအဝတ်အစားများက သူမမျက်စိကို မဖမ်းစားခဲ့ပေ။ သူမဘာမှားခဲ့သလဲ....


ဘရန်း ခပ်သေးသေး ၀တ်ထားသူများကိုလည်း သူမဘယ်တော့မှ မနှိမ့်ချခဲ့။သူမ၏ သူငယ်ချင်းများက 100 ယွမ်အောက် အဝတ်အစားများ ဝတ်ထားသည်ကိုလည်း သူမ ဘယ်လိုစိတ်မှမထားခဲ့ပေ။


 သို့သော် သူမ,မစော်ကားသောလူများက ဒေါသဖြစ်ခဲ့ကြသည်။


 ဤကမ္ဘာပေါ်တွင် "ချမ်းသာသူများကို မုန်းတီးခြင်း" ဟူသော စကားတစ်ခွန်းရှိသည်။ တစ်ချို့လူများ၏ အမြင်မှာ သူဌေးများလုပ်သမျှက မှားနေတတ်သည်။သူဌေးများအား အပိုလုပ်သည်ဟု မြင်တတ်ကြ၏။ 


ထို့ကြောင့် ယခု သူမကို မည်သူမျှ ကူညီလိုစိတ်မရှိဟု ဆိုနိုင်သည်။ သူမကို ဘယ်သူမှ ယုံမှာမဟုတ်။ထိုသို့တွေးရင်း ခါးသီးသည့်ခံစားချက်က သူမနှလုံးသားထဲကို ပျံ့နှံ့သွားတယ်။


 "ကူညီပါ! ကူညီကြပါ"


ထိုအခိုက်အတန့်တွင် မုန့်ထင်ယောင်သည် မဝေးသောလမ်းကြားမှ ပြတ်တောင်းပြတ်တောင်း အကူအညီတောင်းသံကို ကြားလိုက်ရသည်။


 ဘယ်သူလဲ....


မုန့်ထင်ယောင် တုံ့ဆိုင်းသွားသည်။  နောက်ဆုံးတော့ သူမ သိချင်စိတ်ကို မချိုးဖျက်နိုင်ဘဲ တိတ်တိတ်လေး လျှောက်သွားလိုက်သည်။


လမ်းကြားထဲမှာ အလွန်မှောင်နေသည်။သို့သော်လည်း မိန်းကလေးနောက်သို့ လိုက်နေသည့် ယောက်ျားလေးလိုမျိုး  လူနှစ်ယောက်၏ အသွင်သဏ္ဌာန်ကို သူမ ဖျတ်ခနဲ မြင်လိုက်ရသည်။ ကောင်လေးက ဓားကိုင်ထားပြီး ဓားပေါ်က အဖြူရောင်အလင်းတန်းက ဖျတ်ကနဲလက်သွား၏။ထိုသူက ဘယ်သန်ပင်။


သူမ ဓားကိုင်ထားသည့်လူ၏ ဘယ်လက်ကို စူးစိုက် ကြည့်နေသည်။တရွေ့ရွေ့ ပြေးလာသော ကောင်မလေးသည် အရှုံးမပေးဘဲ ဆက်၍ အကူအညီတောင်းနေသေးသည်။


"ကယ်ကြပါဦး၊ ကျေးဇူးပြု၍ ကယ်ပါဦး တစ်ယောက်ယောက် မရှိဘူးလား"


 အလွန်အန္တရာယ်များနေပြီဖြစ်သော်လည်း မိန်းကလေး၏အသံမှာ လုံးဝတုန်လှုပ်ခြင်းမရှိပေ။  နောက်ပြီး.... ထိုမိန်းကလေး၏ အသံက အလွန်ရင်းနှီးသည်။


 ဒါက......


မုန့်ထင်ယောင်၏ ခန္ဓာကိုယ် ရုတ်တရက် အေးခဲသွားသည်။


 အဲဒါ ပိုင်ရှောင်ယွဲ့ရဲ့ အသံပဲ။


 "ပိုင်ရှောင်ယွဲ့"


 တခဏချင်းမှာပင် မုန့်ထင်ယောင် အော်ပြီး ပြေးထွက်သွားလိုက်သည်။


အကြိမ်ကြိမ် ကြိုးစားပြီးနောက် သူမသည် ပိုင်ရှောင်ယွဲ့နှင့် အမှန်တကယ် သူငယ်ချင်းဖြစ်မလာသေးသော်လည်း  အဆောင်တစ်ခုတည်းတွင် အကြာကြီးနေထိုင်ခဲ့သောကြောင့် ခံစားချက်အချို့ရှိနေဆဲဖြစ်သည်။


မုန့်ထင်ယောင် ယခုအချိန်တွင် လျစ်လျူရှုထား၍မရပေ။ပိုင်ရှောင်ယွဲ့ကို သူမ မကယ်တင်လျှင် နောက်တစ်ခေါက် သေရမည့်လူက သူမကိုယ်တိုင် ဖြစ်နိုင်မှန်း ရှင်းရှင်းလင်းလင်း သဘောပေါက်ပေသည်။


မုန့်ထင်ယောင် ပေါ်လာသည်နှင့် ပြေးနေကြသော လူနှစ်ယောက်သည် ရုတ်တရက် ရပ်တန့်သွားသည်။


 "မုန့်ထင်ယောင်...မုန့်ထင်ယောင် ငါ့ကို မြန်မြန်ကယ်ပါ"


ပိုင်ရှောင်ယွဲ့က နောက်ဆုံးကောက်ရိုးမျှင်တစ်စကို ရလိုက်သလိုပင်။ခဏတာ အံ့အားသင့်ပြီးနောက် သူမသည် မုန့်ထင်ယောင်၏ ဦးတည်ရာဆီသို့ ပြေးသွားခဲ့သည်။ သူမနောက်ကို လိုက်နေသူကလည်း ခဏတုံ့ဆိုင်းသွားပြီး နောက်သို့လှည့်ကာ အမြန်ပြေးသွား၏။


 "ပိုင်ရှောင်ယွဲ့"


ထိုအချိန်တွင် မုန့်ထင်ယောင်၏ လက်ဖဝါးများသည် ချွေးများဖြင့် စေးကပ်နေသည်။ထိုလူ ထွက်သွားသည်ကိုမြင်ပြီးနောက် သူမ သက်ပြင်းတစ်ချက်ချကာ ပိုင်ရှောင်ယွဲ့ထံ ချက်ချင်းသွားကာ "နင် ဒဏ်ရာရထားတာလား"


 စိုစွတ်ပြီး ချောနေသည့် သွေးများကို ထိလိုက်မိ၍ သူမ လက်ဖဝါးများ တောင့်တင်းလာခဲ့သည်။


 "ကံကောင်းလိုက်တာ၊ ငါမသေဘူး၊ငါ့မှာ ကိုယ်ခံပညာအခြေခံ တတ်ထားတာလည်း တော်သေးတာ"


ငယ်စဉ်ကတည်းက အဖွဲ့အစည်းတစ်ခုတွင် ကြီးပြင်းလာခဲ့သည့် ပိုင်ရှောင်ယွဲ့ကို ဘော့စ်ပိုင်က အဖွဲ့အစည်းအတွင်းရှိ ဂိုဏ်းသားများနှင့် ထိတွေ့ရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားသော်လည်း သူမသည် လက်ဝှေ့နှင့် ကွန်ဖူးအချို့ကို သင်ယူထားခဲ့သည်။


နောက်ဆုံးတော့ အန္တရာယ်ကနေ လွတ်မြောက်သွားသည့် ပိုင်ရှောင်ယွဲ့က တစ်ဖက်ကို မှီပြီး ဒဏ်ရာကို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းရင်း မုန့်ထင်ယောင်ကို ကြည့်နေသည်။


"နင့်ကို တကယ်ကျေးဇူးတင်ပါတယ်၊ မုန့်ထင်ယောင် နင်က ဘာလို့ ဒီကို ရောက်နေတာလဲ"


မုန့်ထင်ယောင် အသက်ပြင်းပြင်းရှူပြီး စောစောကလူ ထွက်ပြေးသွားရာ လမ်းကြောင်းကို ကြည့်လိုက်သည်။


" ပိုင်ရှောင်ယွဲ့ ၊ ငါတို့ အခု ဘယ်လို အခြေအနေ ရောက်နေလဲ နင် သိသင့်တယ်၊ နင့်ကို သတ်ချင်နေတဲ့ လူက ဘယ်သူလဲ၊သူ.....သူက သရဲလား"


 သရဲလား? ဤတွင်၊ သရဲနှင့် လူကြားတွင် ခြားနားမှု မရှိပေ။


ပိုင်ရှောင်ယွဲ့က ဒဏ်ရာကို သေချာစည်းနှောင်လိုက်သည်။ထို့နောက် နံရံကိုမှီ၍ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ရင်း  "သူက လူလား သရဲလား ငါမသိဘူး၊ ဒါပေမယ့် နင်ရော ငါရော သူ့ကို သိပြီး သူနဲ့ ရင်းနှီးပြီးသားပဲ  .....သူက ဖန်းရှုကျွင်းလေ"


🚩

Report Page