Chapter 31

Chapter 31


🚩Ch 31

Arc - 2.15 နဝမမြောက်အိပ်မက်ဆိုး


မြို့တော်C ၏ အနောက်ဘက် ဆင်ခြေဖုံးများကို တောင်များ၊မြစ်များဖြင့် ဝန်းရံထားသည်။ လှပသော တောင်စောင်းပေါ်တွင် ကြီးမားသော အိမ်ကြီးများကို ဆောက်လုပ်ထားသည်။


ချီမူ၏အိမ်သည် ဤအိမ်ကြီးများအုပ်စုတွင်ဖြစ်သည်။ ဤအိမ်ကို သူ့အဖေက သူ့အသက် 18 နှစ်ပြည့်မွေးနေ့အတွက် လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပေသည်။ထိုစဉ်က သူ အရွယ်ရောက်လာသည့်အတွက် ပါတီပွဲတွေကို ဤအိမ်မှာ ကျင်းပခဲ့သည်။ထိုအချိန်မှစ၍ ဤနေရာသည် ချီမူနှင့် သူ၏ သူငယ်ချင်းများ စုဝေးရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။


ယခုအချိန်တွင် ချီမူသည် ကျယ်ဝန်းသော ရိပ်သာလမ်းထဲသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။  တိတ်ဆိတ်သောလမ်း၏ နှစ်ဘက်စလုံးတွင် ကျယ်ဝန်းသော အိမ်ကြီးများရှိသည်။ အဝေးမှပင် လမ်းဘေးတွင်ရပ်ထားသော အနီရောင် Ferrari ကားကို သူမြင်လိုက်ရသည်။ အနက်ရောင်ဝတ်ထားသည့် ချမ်ယွီဖုန်းသည် သူ့ကားနံဘေးကို မှီနေ၏။သူ့မျက်နှာရှေ့တွင် မီးနီလေး မြင်နေရ၍  သူ ဆေးလိပ်သောက်နေမှန်း ချီမူ သိလိုက်၏။


ချမ်ယွီဖုန်းသည် ကလေးဘဝကတည်းက ဆေးလိပ်နှင့် အရက်ကို မရှောင်ခဲ့ပေ။ သို့သော် ကျောင်းတက်နေဆဲ ကျောင်းသားဖြစ်၍ ဆေးလိပ်သောက်သည့်အကျင့်က ကိစ္စကြီးကြီးမားမားဟု မဆိုသာပေ။အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် ထိတ်လန့်နေချိန်တွင်ဖြစ်၍ သူ ဆေးလိပ်ကို စိတ်ပါလက်ပါ ဆက်သောက်နေမည်ဖြစ်သည်။


 "ကျွီ....."


ချီမူ အရှိန်မြှင့်ပြီး ချမ်ယွီဖုန်း ရှေ့မှာ ကားကို ရုတ်တရက် ရပ်လိုက်သည်။


မှင်တက်နေသော ချမ်ယွီဖုန်းသည် ဘရိတ်အုပ်သံကြားသောအခါ ချက်ချင်းပင် ထိတ်လန့်စွာ မော့ကြည့်လိုက်လျှင် ချီမူ ကားပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာသည်ကို တွေ့လိုက်ရသည်။


"ချီးပဲ အားဖုန်း....မင်းက ညအချိန်မ‌တော် အိပ်မပျော်ဘူးဆိုပြီး ငါ့ကို အပြင်ထွက်ခိုင်းတယ်၊ကဲပြော မင်းဘာလိုချင်လဲ"


အလေ့အကျင့်တစ်ခုလိုပင် ချီမူသည် ကားတံခါးကို လက်တစ်ဖက်တင်ကာ ဝတ်စုံကြယ်သီးကို ဖြုတ်လိုက်ပြီး သူ့မျက်နှာမှာလည်း မှုန်ကုပ်နေတော့သည်။


ချမ်ယွီဖုန်း စကားမပြောသေးဘဲ တောက်နေသော မီးခိုးငွေ့များကသာ သူ့မျက်နှာအမူအရာကို ဖုံးလွှမ်းထားသည်။


 "ဘာလို့ မင်းက ကားထဲမှာ ရောက်နေတာလဲ"


ချမ်ယွီဖုန်းသည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော စုဝမ်ကိုတွေ့လိုက်ရသည်။ ရိကျစ်ရွှမ် ကတော့ နောက်ထိုင်ခုံမှာ လဲလျောင်းနေတာကြောင့် သူ  မမြင်ရချေ။


 "ငါ့ကောင်မလေးပဲ၊ ညနက်သန်းခေါင်မှာ ငါ့ကားထဲမှာမရှိရင် မင်းကားထဲ ‌ရှိနေရမှာလား"


ချီမူ သူ့လက်ကို မြှောက်လိုက်ပြီး ကားပြတင်းပေါက်ကို ခေါက်လိုက်သည်။


 "စုဝမ်၊ ဆင်းလာခဲ့"


စုဝမ် တစ်ချက် တုံ့ဆိုင်းသွားပြီး မကြာခင် ကားပေါ်မှ ဆင်းလာခဲ့သည်။


ချမ်ယွီဖုန်းသည် စုဝမ်ကို တစ်ချက် စိုက်ကြည့်ပြီးနောက် ချီမူအား တစ်ဖန် စူးစိုက်ကြည့်ကာ "အားမူ၊ မင်း လက်သွက်လှချည်လား၊ မင်း သူမကို အမြန်လိုက်နိုင်ထားတာပဲ"


ချမ်ယွီဖုန်း စကားကို ကြားလိုက်သည်နှင့် စုဝမ်၏ မျက်နှာသည် ပို၍ပင် မည်းလာသည်။ချီမူ၏ မျက်နှာသည်လည်း ထူးဆန်းသော အမူအရာတစ်ခုဖြစ်တည်နေသည်။သူက ခြေလှမ်းကျဲကြီးများဖြင့် ချမ်ယွီဖုန်း ရှေ့မှာ ရပ်လိုက်သည်။ ထို့နောက် သူသည် ချမ်ယွီဖုန်းနှင့် စုဝမ်ကို သူ့ခန္ဓာကိုယ်အား အသုံးပြု၍ ကာထားလိုက်သည်။


 "အားဖုန်း မင်းက မနာလိုဖြစ်နေတာလား၊ ဒီအစ်ကိုကြီးကို လှည့်ကွက်နည်းနည်းသင်ပေးစေချင်သလား၊ မင်း မုန့်ထင်ယောင်ကို အမြဲတမ်း လိုက်နေခဲ့တာမဟုတ်ဘူးလား"


မုန့်ထင်ယောင်၏နာမည်ကိုကြားလျှင် ချမ်ယွီဖုန်း ခေတ္တစကားတိတ်နေခဲ့သည်။ သူ စီးကရက်ကို ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ချီမူကို လေးလေးနက်နက် ကြည့်လိုက်ရင်း "ချီမူ ၊ အဲဒီ အိပ်မက်ကို မင်းလည်း မက်သလား၊ငါ....သရဲက ဘယ်သူလဲဆိုတာ သိတယ်.... သူမကို အတူတူ သတ်လိုက်ကြရအောင်၊ ဘယ်လိုလဲ"


ပြောပြီးနောက် စီးကရက်ကိုကိုင်ထားသည့် ချမ်ယွီဖုန်း၏လက်က တုန်လှုပ်သွားသည်။


 "ဘယ်သူလဲ..."


ချီမူ မေးလိုက်ရာ ချမ်ယွီဖုန်းသည် သူ့လက်ချောင်းများကြားက စီးကရက်ကို လွှင့်ပစ်လိုက်သည်။ထို့နောက် ချီမူသည် သူ့လက်ကို ချမ်ယွီဖုန်း၏ ပုခုံးပေါ်တင်ကာ စိုက်ကြည့်ရင်း "သရဲက ဘယ်သူလဲ သိလား"


 "အင်း....."


ချမ်ယွီဖုန်း ပုံစံက စိတ်ပိုင်းဖြတ်ထားပုံရပြီး သူ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခုက လက်ဖြာနေသည်။


 "ပိုင်ရှောင်ယွဲ့ပဲ!"


ပိုင်ရှောင်ယွဲ့....


 ..........


 "စုဝမ်၊ စုဝမ်"


ဖန့်ထျန်းထျန်းသည် စုဝမ်၏ အိမ်တံခါးကို ခေါက်ပြီး အကြာကြီး အော်နေသော်လည်း အခန်းထဲက ဘာသံမှ ထွက်မလာချေ။ နောက်ဆုံးတွင် သူမ၏ အသံမှာ အနည်းငယ်ဆို့နင့်လာရပြီး "ချင်လု ၊ ငါဘာလုပ်ရမလဲ၊အာ စုဝမ်ရဲ့ဖုန်းကလည်း ခေါ်မရဘူး၊ သူမ မတော်တဆမှုတစ်ခုခုဖြစ်သွားနိုင်တယ်"


 မတော်တဆမှုတစ်ခုလား? အဲဒီလောက်မမြန်သင့်ဘူး။


ချင်လု တစ်ခုခုကို တွေးနေပုံရပြီး ရုတ်တရက် ခြေထောက်ကို မြှောက်လိုက်ကာ စုဝမ်၏ တံခါးကို အတင်းတွန်းဖွင့်လိုက်သည်။


ဖန့်ထျန်းထျန်း အံ့ဩသွားသည်။ ဧည့်ခန်းထဲ၌ အခြားမည်သူမျှမရှိသလိုပင် ဧည့်ခန်းကြမ်းပြင်ပေါ်တွင် သွေးစွန်းနေသောအဝတ်အစားများသာ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ချင်လု၏ မျက်လုံးများက တောက်ပလာသည်။


 "အာဟ! အဲဒါ သွေးပဲ!"


 သူ့နောက်မှ ဝင်လာသော ဖန့်ထျန်းထျန်းက "အို မဟုတ်ဘူး၊မဟုတ်ဘူး၊ စုဝမ်တော့ အန္တရာယ်တစ်ခုခု တွေ့ခဲ့ရပြီထင်တယ်၊ ချင်လု... သူမကို ကယ်တင်ဖို့ နည်းလမ်းကို အမြန်စဉ်းစားစမ်းပါ"


 "သူမ အခုထိ အသက်ရှင်နေလောက်တယ်"


ချင်လု ထိုင်ချလိုက်ပြီး တန်ဖိုးကြီးဝတ်စုံနှင့် ရှပ်အင်္ကျီကို ကြည့်လိုက်သည်။ သူတို့ကိုးယောက်ထဲမှာ ဤအဝတ်အစားများဝတ်ဖို့ တတ်နိုင်သူများမှာ ချမ်ယွီဖုန်းနှင့် ချီမူ တို့ပင်။


ဒါဆို..... ချီမူ ​ရောက်​လာတာလား


အချိန်အတော်ကြာသော် ချင်လု၏မျက်လုံးများက ‌ဇဝေဇဝါဖြစ်လာသည်။သူ့ဖုန်းကို ထုတ်ယူဖို့ တုံ့ဆိုင်းနေမိသည်။သူ အတည်ပြုဖို့ ချီမူအား ‌ဖုန်းခေါ်ဖို့ သင့်၊မသင့် မဝံ့မရဲ ဖြစ်နေသည်။


ထိုအချိန်တွင် ချမ်ယွီဖုန်းသည် မယုံကြည်နိုင်စွာဖြင့် ချီမူအား မျက်လုံးပြူး၍ စိုက်ကြည့်နေသည်။  ချီမူသည် အသွားထက်သောဓားမြှောင်ကို ကိုင်ဆောင်ထားပြီး အဆိုပါဓားမြှောင်သည် ချမ်ယွီဖုန်း၏ခန္ဓာကိုယ်ကို အမှားအယွင်းမရှိ ထိုးဖောက်ဝင်ရောက်နေခဲ့သည်။


 "ချီမူ၊ မင်း....မင်း....."


ချမ်ယွီဖုန်း၏ သွေးများဖုံးနေသည့်လက်က ချီမူ လက်ကို ဖမ်းဆုပ်ချင်သော်လည်း ချီမူသည် လက်ထဲမှ ဓားမြှောင်ဖြင့် သူ့ကိုအတင်းထိုးလျက်ရှိပေသည်။ 


 "မင်းက သရဲဆိုတာ ငါသိတယ်"


ချီမူသည် ချမ်ယွီဖုန်း၏နားကိုကပ်၍ ဆက်ပြော၏။ 


"ငါထင်တာမမှားရင် ပိုင်ရှောင်ယွဲ့က နံပါတ် 1 ပဲ၊ မှန်တယ်မလား"


 နံပါတ် 1....


ဤကမ္ဘာ၏ စည်းမျဉ်းများအရ သရဲတစ္ဆေအားလုံး၏ ပထမဆုံးပစ်မှတ်မှာ ပိုင်ရှောင်ယွဲ့ ဖြစ်သည်။ ပိုင်ရှောင်ယွဲ့ သေဆုံးပြီးမှသာ ဒုတိယပစ်မှတ်ကို သတ်နိုင်မှာဖြစ်၏။


 "ငါ......ငါ......"


နောက်ဆုံးတွင် ချမ်ယွီဖုန်းသည် ချီမူကို တစ်ခုခုပြောချင်သလို ကြည့်နေခဲ့သည်။ ပြီးလျှင် သူ့ပုံစံကလွတ်မြောက်သွားသလိုမျိုး ပါးစပ်ဟပြီး နောက်ဆုံး မျက်လုံးမှိတ်လိုက်လေတော့သည်။


မြေကြီးပေါ်သို့ စီးကျလာသော သွေးများသည် တဖြည်းဖြည်း လျော့နည်းလာပြီး မကြာမီ လုံးဝ ပျောက်ကွယ်သွားသည်။


ယခု ချမ်ယွီဖုန်း သေဆုံးသွားပြီဖြစ်သည်။ မဟုတ်ဘူး၊ ချမ်ယွီဖုန်း ပျောက်သွားသည်ဟု ပြောရမည်။


 အကယ်၍ ဘေးတွင်ရှိနေသည့် အမြင်ကိုဖမ်းစားနိုင်သော Ferrari သာ မရှိပါက၊ ချမ်ယွီဖုန်း အမှန်တကယ် ပေါ်လာခြင်း ရှိ၊ မရှိကို စုဝမ် သံသယဖြစ်လိမ့်မည်။ယခုတာ့ ပိုင်ရှင်မဲ့ ဈေးကြီးပြိုင်ကားကြောင့် ချမ်ယွီဖုန်း ပျောက်သွားခြင်းမှာ အမှန်ဖြစ်ကြောင်း ညွှန်ပြနေပေသည်။


 "ရှင် သူ့ကိုသတ်လိုက်တာလား"


ချီမူ အေးအေးဆေးဆေး နောက်လှည့်ကြည့်လာရာ၊ စုဝမ် မသိစိတ်က ခြေလှမ်းတစ်ဝက်ခန့် နောက်ပြန်ဆုတ်လိုက်သည်။


 "မင်းကြောက်နေတာလား"


ချီမူသည် စုဝမ်ကိုကြည့်ပြီး မျက်ခုံးပင့်ကာ "သူက ပိုင်ရှောင်ယွဲ့ကို သတ်ပစ်ဖို့ ငါ့ကို ကူညီပေးစေချင်တာလေ၊ ပိုင်ရှောင်ယွဲ့က နံပါတ် 1 ဖြစ်နိုင်တယ်လို့ ကိုယ် ထင်တယ်၊ စုဝမ် မင်းနားလည်ဖို့လိုတယ်၊ကိုယ်သာ နံပါတ် 1 ဖြစ်ခဲ့ရင်လည်း၊ ချမ်ယွီဖုန်းကလည်း နည်းနည်းလေးမှ မဆိုင်းမတွဘဲ ကိုယ့်ကို သတ်မှာပဲ"


စကားပြောနေရင်း၊ ချီမူသည် စုဝမ်ထံ လျှောက်သွားခဲ့ပြီး "စုဝမ်၊ သေခြင်းရဲ့ရှေ့မှောက်မှာ လူတိုင်းက သူတို့ကိုယ်သူတို့ ကယ်တင်ဖို့ပဲ ရွေးချယ်ကြလိမ့်မယ်၊ ဒါက လူ့သဘာဝပါကွာ၊ကိုယ်ကျင့် သီလနဲ့မဆိုင်ပါဘူး၊ ငါတို့ကိုယ့်ဟာကိုယ် မကာကွယ်နိုင်ရင် လူသားတစ်ယောက်ဖြစ်ခွင့်ရမှာမဟုတ်ဘူး"


 လူ့သဘာဝ....


စုဝမ် တွေးမိလိုက်သည်။  ဟုတ်တယ်၊ သူမလည်း တခြားသူတွေကို ကယ်တင်မလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ကယ်တင်မလားဆိုတဲ့ ကြားမှာ ရှိနေရင်၊ သူမလည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ကို သေချာပေါက် ရွေးချယ်မှာ မဟုတ်ဘူးလား... နောက်ဆုံးတော့ လူတိုင်းက အသက်ရှင်ချင်ကြတာချည်းပဲ...


နှစ်ယောက်သား ကားပေါ်ပြန်တက်ကြလျှင် အနောက်ခန်းထဲမှာ လဲလျောင်းနေသည့် ရိကျစ်ရွှမ် ထလိုက်သည်။ ချီမူသည် ဤမျှအထိ မြန်ဆန်ပြီး လက်ရဲဇက်ရဲနိုင်လိမ့်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။ သူတို့ ဤနေရာကို အလာတုန်းက ချီမူက သူ့ကို တိတ်တဆိတ်သာနေခိုင်းခဲ့သည်။ထို့ကြောင့် ချီမူသည် သူ့ထံမှ အကူအညီက လိုချင်နေတာဖြစ်မည်ဟု သူ တွေးလိုက်သေး၏။ယခုမူ ချမ်ယွီဖုန်းအား ဇီဝိန်ခြွေရာမှာ သူ့အား ဝင်မရှုပ်စေခြင်းသာ ဖြစ်ပေတော့သည်။ 


စုဝမ် နှင့် ချီမူသည် ညသန်းခေါင်ချိန်တွင် အတူရှိနေသည်။ယခုခေတ်ကြီးမှာ ယောက်ျားနှင့် မိန်းမ အတူတူရှိနေသည်က အံ့သြစရာတော့ မဟုတ်။သို့သော်လည်း သူသာ  ကားထဲမှာပါလာမှန်း ချမ်ယွီဖုန်း တွေ့လျှင် ချက်ချင်း သံသယဖြစ်သွားလိမ့်မည်။သူထင်ထားသော လူချမ်းသာ ပေါ်ကြော့ကောင်လေးက ဤမျှ စေ့စေ့စပ်စပ် ဖြစ်မည်ဟု မမျှော်လင့်ထားပေ။


ယခုမှစ၍ ချီမူအပေါ်  ရိကျစ်ရွှမ်စိတ်က တစ်မျိုးပြောင်းသွားသည်။ယခုဆို သူ့စိတ်ထဲမှ ပို၍ ချီမူအား သတိထားမိပေတော့သည်။


 "အခုဘယ်သွားမှာလဲ ပိုင်ရှောင်ယွဲ့ကိုသွားရှာမှာလား"


ချီမူ ကားစက်နှိုးနေသည်ကို မြင်၍ ရိကျစ်ရွှမ် မေးလိုက်သည်။


ပိုင်ရှောင်ယွဲ့.....


ချီမူက ခေါင်းညိတ်လိုက်ပြီး "သူမ အသက်ရှင်နေသေးတယ်လို့ ငါ မျှော်လင့်တယ်"


နံပါတ် 1။


စုဝမ် မသိစိတ်က လုံခြုံရေးခါးပတ်ကို ဆုပ်ကိုင်ထားမိသည်။ ချမ်ယွီဖုန်းသည် ပိုင်ရှောင်ယွဲ့ကိုသတ်ရန် တစ်စုံတစ်ယောက်ကို အရင် ရှာဖွေထားနိုင်သည်။  


ဒါဆို တခြားသရဲတွေကကော ဘယ်လိုလဲ။ ပိုင်ရှောင်ယွဲ့ကို သတ်ရမယ့် တာဝန်ကို စောစောကတည်းက ပြီးသွားခဲ့ကြပြီလား။ 


ချီမူ စိတ်ပူနေသလိုမျိုး စုဝမ်လည်း  ပိုင်ရှောင်ယွဲ့၏ လက်ရှိအခြေအနေကို စိတ်ပူနေမိသည်။


 ယခုအချိန်တွင် ပိုင်ရှောင်ယွဲ့သည်လည်း အခြားသူများကဲ့သို့ပင် စိုးရိမ်နေသည်။သူမ ဆိုးရွားသည့် အခြေအနေနှင့် ရင်ဆိုင်နေရ၏။


ကျဉ်းမြောင်းသောလမ်းကြားတွင် ပိုင်ရှောင်ယွဲ့သည် ဒဏ်ရာရနေသောလက်မောင်းကို ဖုံးအုပ်ကာ တစ်လမ်းလုံးပြေးသွားသည်။ သူမ၏နောက်တွင် သွေးကွက်များကျန်ရစ်ခဲ့လေသည်။


အရိပ်သဏ္ဌာန်တစ်ခုက သူမနောက်သို့ မဆုတ်မနစ် လိုက်ပါလာသည်။ အမှောင်ထုထဲတွင် သစ်သီးလှီးဓားတစ်ချောင်းမှ ထွက်လာသော အလင်းတန်းတစ်ခုက မီးမှိန်မှိန်အောက်၌ ဖျတ်ခနဲ လင်းလက်သွားလေတော့သည်။


🚩

Report Page