Chapter 28

Chapter 28


🚩Ch 28

Arc- 2.12

နဝမမြောက်အိပ်မက်ဆိုး


စုဝမ်၏ စိတ်အခြေအနေမှာ အနည်းငယ် ကမောက်ကမ ဖြစ်နေသည်။ညဦးပိုင်းကတည်းက စိတ်ရှုပ်ထွေးနေသည်မှာ ယခုထိပင်။ထိုထူးဆန်းသောအိပ်မက် မက်သည့်နေရာမှ ရိကျစ်ရွှမ် ရောက်လာပြီး ယခု ချီမူ ပြောလာသော အံ့သြဖွယ်ရာစကားများအထိပင်။


သူမရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက အခု တခြားဘယ်သူ့ကိုမှ ယုံလို့မဖြစ်ဘူးလို့ ပြောနေပေမယ့်......


ရိကျစ်ရွှမ်၏ လေးနက်သော ကတိစကားကို တွေးတောမိသလို၊ချီမူ၏ တည်ကြည်သော မျက်နှာအမူအရာကိုလည်း တွေးတောမိကာ စုဝမ် တုံ့ဆိုင်းသွားသည်။ 


"ရှောင်ဝမ်...."


စုဝမ် ပုံစံက ကြောင်စီစီဖြစ်နေ၍ ချီမူ ရှေ့ကိုတိုးလာကာ သူမကို ထိတော့မည်ဟန်ဖြင့် လက်ကိုမြှောက်လိုက်သည်။ 


 "အင်...."


စုဝမ် သတိပြန်ဝင်လာပြီး ချီမူ၏ လက်ကို တုန်လှုပ်ခြောက်ခြားစွာ ရှောင်ဖယ်လိုက်သည်။


 "ရှင် ဒီမှာစောင့်နေ၊ကျွန်မ ရှင့်အတွက် အဝတ်အစားသွားယူလိုက်မယ်"


ထိုသို့ပြောရင်း သူမ ပြေးထွက်ကာ မိဘများအခန်းထဲသို့ ပြေးသွားခဲ့သည်။  အိပ်ခန်းတံခါးကိုပိတ်လိုက်သည်နှင့် သူမ မျက်လုံးများပင် မှောင်မိုက်သွားရသည်။အကြောင်းရင်းမှာ ရိကျစ်ရွှမ်က လူတစ်ကိုယ်လုံးသုံး၍ သူမကို ဖိထားတာကြောင့်ပင်။သူမ ဟန်ချက်ပျက်ပြီး တံခါးကို မှီထားလိုက်ရတော့သည်။


 "ကျစ်ရွှမ်"


ဧည့်ခန်းထဲရှိ ချီမူ မကြားအောင် သူမ တိုးတိုးလေး အော်လိုက်သည်။


ရိကျစ်ရွှမ် တစ်ချက်မဲ့ကနဲ ပြုံးလိုက်သည်။ထိုအပြုံးထဲမှာ ကဲ့ရဲ့ခြင်းနှင့် အထင်အမြင်သေးခြင်းတို့ကို ဖုံးကွယ်ထားလေသည်။


"ကိုယ် တကယ် မမျှော်လင့်ထားဘူး၊ မင်း ချီမူနဲ့ ဒီလောက်မြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မယ်လို့...." 


သူမနှင့် လမ်းခွဲထားသည်မှာ တစ်နှစ်ခွဲကျော်ရှိနေပြီဖြစ်တာကြောင့် သူသည် အခြေအနေကို လက်ခံပြီး စိတ်ဖြတ်ထားလိုက်ပြီးဖြစ်သည်။ယခုဆို သူ၏စွမ်းအားကြောင့် တခြားသူများထံမှ အထင်ကြီးလေးစားမှုကိုပါ ရရှိနေခဲ့ပြီ။ သို့သော် ချီမူနှင့် စုဝမ်တို့ ပြောနေသည့်စကားကို နားထောင်ရင်း သူ့စိတ်ထဲမှာ မသက်မသာ ခံစားနေရဆဲပင်။


 သူနဲ့ စုဝမ် သိလာတာ ဘယ်လောက်ကြာပြီလဲ။စုဝမ်နဲ့ ချီမူတို့က တစ်ယောက်နဲ့တစ်ယောက် သိကြတာ ရက်အနည်းငယ်ပဲ ရှိသေးတာမလား...


စောစောက အခြေအနေကိုကြည့်ပြီး စုဝမ်သည် သူ့အား သံယောဇဉ်အနည်းငယ်ရှိနေသေးသည်ဟု သု ရူးမိုက်စွာ တွေးမိသေး၏။ ယခုမူ သူ့ဘက်က တလွဲတွေးနေခဲ့ခြင်းဖြစ်ပြီး တစ်ဖက်သတ်ဆန်စွာ ကောက်ချက်ချမိခြင်းဖြစ်ပေလိမ့်မည်။ 


 ဟင့်အင်း၊ သူ အခုထိ မိုက်တုန်းပဲ! ဒီမိန်းမက သူ့ကို ဆင်းရဲလို့  ထားခဲ့တာမဟုတ်ဘူးလား။


သို့သော် ချီမူက မြင်သမျှ မိန်းကလေးတိုင်းကို သဘောကျတဲ့ play boyတစ်ယောက်ဖြစ်ခဲ့ရင်တောင် အနည်းဆုံးတော့ သူဟာ ချမ်းသာပြီး သြဇာရှိတဲ့ ဒုတိယမျိုးဆက်လေ....


 "ရိကျစ်ရွှမ် နင် ဘာတွေပြောနေတာလဲ"


ရိကျစ်ရွှမ်၏စကားကိုကြားသော် စုဝမ် မျက်နှာထားက အလွန်အေးစက်သွားရသည်။


 "ငါပြောတာကို မင်းမကြားဘူးလား၊ ငါ  ဒုတိယအကြိမ် ထပ်မပြောချင်ဘူး"


ရိကျစ်ရွှမ် ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ညစ်ပတ်သည့်အရာတစ်ခုခုကို ကြည့်နေသလိုမျိုး စုဝမ်ကို ကြည့်ပြီး "ငါ စောစောကတည်းက သိသင့်တာ၊ မင်းဟာ အလကားပဲ၊ ပိုက်ဆံအတွက်ဆို ဘာမဆို စွန့်လွှတ်လိုက်မဲ့ မိန်းမမျိုး"


 "ငါက အလကားမိန်းမ ဟုတ်လား"


စုဝမ် ရိကျစ်ရွှမ်၏ စကားကိုကြားသော် ဟက်ကနဲတစ်ချက် ရယ်လိုက်သည်။


"ငါက ငါ့ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းချင်တာ၊ငါ့မိသားစုကိုလည်း ချမ်းသာတဲ့ ဘဝမျိုးနဲ့ထားချင်တာ၊ ဒါကို နင်က အလကားမိန်းမလို့ ပြောတာလား၊နင့်ဘာသာနင် ဘာပြောပြော ငါဂရုမစိုက်ဘူး.. အသက်ရှင်သန်ဖို့နဲ့ ပိုက်ဆံအတွက် အလုပ်ရှုပ်နေတဲ့လူတွေက ပိုက်ဆံကို သဘောကျတာ ဘာမှားလို့လဲ....သူများပိုက်ဆံကို ခိုးတာ၊ လုယက်တာ မဟုတ်ဘူး၊ ငွေရှာနိုင်သူ၊ ငါ့မိဘတွေနဲ့ ငါ့ဘဝကို ကောင်းအောင် လုပ်ပေးနိုင်သူကိုပဲ ငါလိုချင်တာ မှားသလား... ရိကျစ်ရွှမ် နင်ကမှ ညံ့ဖျင်းတာ၊ နင်ပဲ နင့်တောင်ပေါ်ဒေသကို ပြန်ချင်တာလေ၊ ဘာလို့လည်းဆိုတော့ ဒီလိုမျိုး စည်ကားနေတဲ့ မြို့ကြီးပြကြီးကို နင် ရင်ဆိုင်နိုင်စွမ်းမရှိလို့ပဲ...နင် ငါ့ကို အပြစ်ပြောပိုင်ခွင့်လည်းမရှိသလို ငါ့ကိုလည်း ဝေဖန်နိုင်စွမ်းမရှိဘူး"


 "မင်း...."


စုဝမ်၏ ကဲ့ရဲ့စကားကို နားထောင်ရင်း ရိကျစ်ရွှမ် မျက်နှာကပျက်ယွင်းလျက်ရှိသည်။


 "ငါက လူညံ့တစ်ယောက် ဟုတ်လား"


ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံးဟာသကိုကြားလိုက်ရသလိုပင် ရိကျစ်ရွှမ် အကြည့်များက ရူးသွပ်သွား၏။


 "စုဝမ်၊ ကျောက်စိမ်းရဲ့တန်ဖိုးကို နားမလည်တာက မင်းပဲလေ၊အနာဂတ်မှာ ငါက လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာ သေချာပေါက် ရောက်သွားလိမ့်မယ်၊ မင်းကကော...ပိုက်ဆံမက်ပြီး သူဌေးကိုမှ ကြိုက်တာအပြင် မင်းမှာ ဘာအရည်အချင်း ရှိသေးလို့လဲ"


တစ်ညတည်းနှင့် ရုတ်တရက် ချမ်းသာလာသော ဆင်းရဲသားကောင်လေးတစ်ယောက်လိုမျိုး၊မပိုင်ဆိုင်ရဖူးသော နာမည်ဂုဏ်သတင်းများအား တစ်ခဏအတွင်း လက်ဝယ်ရလာသောကြောင့် ရိကျစ်ရွှမ် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိနေသည်။ယခင်က အကျင့်စာရိတ္တချို့တဲ့သော စုဝမ်အား သူ ချစ်မိတာကိုပင် မျက်စိကန်းခဲ့တာကြောင့်ဟုသာ သူ ထင်နေတော့သည်။ 


ယခုမူ သူသည် စုဝမ်ကို မူလက အရင်လိုက်ခဲ့သည်ကို လုံးဝ မေ့သွားသည်။သူ့အား ပစ်ပစ်ခါခါ လမ်းခွဲစကားပြောခဲ့သော စုဝမ်ကိုသာ နာကျည်းမုန်းတီးပြီး အရာအရာတိုင်းအား အပြစ်တင်နေတော့သည်။ 


အချိန်ပြန်လှည့်နိုင်သော အရည်အချင်းရှိလာပြီးနောက်၊ သူသည် ကမ္ဘာတစ်ခုလုံးကို အောင်နိုင်သွားပြီး အမျိုးသမီးတိုင်းကိုလည်း အောင်နိုင်သွားပြီဟု သူခံစားခဲ့ရသည်။ ယခုတော့ စုဝမ်ကို သေသေချာချာ ကြည့်လိုက်ရင်း သူ အလွန် တုန်လှုပ်ချောက်ချားသွားသည်။


သူသည် ကောင်းကင်ဘုံ၏ အချစ်ခံရဆုံးလူသားဖြစ်သည်။သူသည် ဤကမ္ဘာကြီးတွင် တောက်ပနေမည်ဖြစ်ပြီး စုဝမ်သည် သူ့အနားမှာနေရန် အရည်အချင်းမရှိပေ။ယခုဆိုလျှင် မုန့်ထင်‌‌ယောင်လို မိန်းကလေးမျိုးနှင့်ပင် သူနှင့် မထိုက်တန်သေးချေ။


 "စုဝမ်၊ဒီကိစ္စကြီး စဖြစ်တုန်းက ငါက မင်းကို ပထမဆုံး တွေးမိခဲ့တာ၊ ဒါပေမယ့် မင်းက ငါ့ကို တကယ်စိတ်ပျက်စေခဲ့တယ်"


စကားပြောနေစဉ် ရိကျစ်ရွှမ်သည် စုဝမ်၏ ဒေါသကြီးသော ဖြူဖျော့နေသည့် မျက်နှာကို မကြည့်ခဲ့ပေ။သူသည် သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ကျော်ဖြတ်ကာ အိပ်ခန်းတံခါးကိုသာ ရုတ်တရက် တွန်းဖွင့်လိုက်သည်။


 "ကြာလိုက်တာ......"


ချီမူက ဆိုဖာပေါ် တစောင်းလှဲအိပ်လျက်ရှိသည်။ သူ တစ်စက္ကန့်အတော်ကြာ မှိန်းနေရင်း ခေါင်းကို လှည့်လိုက်သည်။


 "ဟေး၊ ဒါ ရိကျစ်ရွှမ် မဟုတ်လား"


 နှစ်ပေါင်းများစွာ သူ ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံအရ ချီမူ စိတ်ပြန်လည်တည်ငြိမ်လာပြီဖြစ်သည်။ ရိကျစ်ရွှမ်ကို သူ အပြုံးမမည်သော မဲ့တဲ့တဲ့အပြုံးဖြင့် ကြည့်နေလေသည်။


ရိကျစ်ရွှမ်၏မျက်လုံးထဲတွင် ချီမူသည် အမြဲတမ်း ပျော့ညံ့ပြီး ဖွန်ကြောင်တတ်သော ဒုတိယမျိုးဆက် သူဌေးသားဖြစ်သည်။သူ့ရုပ်ရည်က စမတ်ကျသည်ဟု ယူဆနိုင်ပေမယ့် တခြားလူတွေကို လှည့်စားနိုင်တဲ့ အရည်အချင်းအပြင် သူ့မှာ ဘာတွေများရှိလို့လဲ။သူ၏ငွေကြေး၊ အဆင့်အတန်းအားလုံးက သူ့မိဘများဆီက လာခြင်းပင်။ သူ့မိသားစုနှင့် ခွဲထွက်လိုက်ပါက၊သုံးစားရမှာမဟုတ်။


 ဤချမ်းသာသော ဒုတိယမျိုးဆက် သူဌေးလေး ချီမူသည် ယခင်က သူ့အား မထီမဲ့မြင်ပြုခဲ့လေသည်။ ချီမူသည် ချမ်ယွီဖုန်း၏ ငယ်သူငယ်ချင်း မဟုတ်ပါက ရိကျစ်ရွှမ် အနေနှင့် သူ့လိုလူမျိုးကို စကားတစ်ခွန်း ပြန်ပြောဖို့ပင် ဝန်လေးနေပေလိမ့်မည်။


ချီမူ၏ အပြုံးကို ရင်ဆိုင်ရင်း ရိကျစ်ရွှမ်က သူ့ကို တစ်ချက်စိုက်ကြည့်ပြီးနောက် ခပ်သွက်သွက် လှည့်ကာ တံခါးဆီသို့ လျှောက်သွားသည်။သို့သော်လည်း ချီမူ၏ စိတ်ထားအစစ်အမှန်ကိုမြင်ပြီးဖြစ်၍ သူထွက်သွားသည်နှင့်တစ်ပြိုင်နက် စုဝမ် အတွက်တစ်ခုခု ဆိုးရွားသွားမည်ကိုလည်း စိုးရိမ်နေမိသည်။ သို့သော် ဤအရာကို သူမ ကိုယ်တိုင် ယူဆောင်လာခဲ့သည်ပဲ။


ရိကျစ်ရွှမ်၏ လက်က တံခါးသော့ကိုဖွင့်လိုက်သော်လည်း ချီမူမှ သူ့နောက်ကနေ ရုတ်တရက် ကျယ်လောင်စွာပြောလိုက်သည်။ 


"ရိကျစ်ရွှမ် မင်းနဲ့ သဘောတူညီချက် တစ်ခုထားရင် ဘယ်လိုလဲ" 


🚩

Report Page