Chapter 26

Chapter 26


🚩Ch 26

Arc -2.10 နဝမမြောက်အိပ်မက်ဆိုး


ရင်းနှီးသောအသံကို တံခါးအပြင်ဘက်မှ ပြတ်တောင်းပြတ်တောင်း ကြားနေရသည်။ညချမ်းချိန်ခါ၏ ငြိမ်သက် အေးဆေးနေချိန်မှာ ထိုအသံက တုန်လှုပ်ဖွယ်ရာအတိပင်။ 


စုဝမ် အိပ်ယာမှထကာ ဖိနပ်စီး၍ ဧည့်ခန်းဆီသို့ အထိတ်တလန့် လျှောက်သွားလေသည်။ သူမ ပြာယာခတ်နေမိတာကြောင့် ဧည့်ခန်းအလယ်ရှိ မှန်စားပွဲနှင့် ဒူးမှာ ထိမိသွားရသည်။ သို့သော် ယခုအချိန်တွင် ဤအရာများကို ဂရုစိုက်ရန် အချိန်မရှိပေ။တံခါးကို ကတုန်ကယင်ဖြင့်ပင် ဖွင့်လိုက်၏။ထိုအခါ တံခါးဝမှာ ရင်းနှီးနေသူအား မြင်လိုက်ရသဖြင့် သူ၏ရင်ခွင်ထဲကို ပြေးဝင်မိတော့သည်။ 


 "ကျစ်ရွှမ်၊ ကျစ်ရွှမ်လား" 


စုဝမ်၏ အသံသည် တုန်တုန်ယင်ယင်နှင့် ထိတ်လန့်ခြောက်ခြားရိပ်တို့အပြည့်ရှိနေကာ သွယ်လျသောလက်တစ်စုံဖြင့် သူမရှေ့မှလူကို တွယ်ကပ်ထားလိုက်သည်။


 "စုဝမ်၊ကိုယ်ပါ၊မင်း အဆင်ပြေရဲ့လား....." 


စုဝမ်သည် သူ့အမေးကိုကြားသောအခါ မျက်လုံးများ ချက်ချင်းနီရဲလာပြီး "ကျစ်ရွှမ်၊ ငါ အရမ်းကြောက်တယ်၊အရမ်းကြောက်တယ်၊အား ဘာလုပ်ရမလဲ....ဘာလုပ်ရမလဲ" 


သူမ ထိတ်လန့်တကြားဖြင့် ခေါင်းကို မော့ကြည့်ရာ ရီဝေနေသော မျက်လုံးတစ်စုံကိုတွေ့ရ၏။


 "မကြောက်ပါနဲ့" 


ရိကျစ်ရွှမ်၏အသံသည် သူမကို တည်ငြိမ်သွားစေသည့် မှော်အတတ်တစ်မျိုးအား သယ်ဆောင်ထားပုံရသည်။ 


"မင်း အိမ်မှာတစ်ယောက်တည်းလား" 


ရိကျစ်ရွှမ်သည် မီးမှိန်မှိန်ထွန်းထားသော ဧည့်ခန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ တံခါးကိုအပြင်းအထန် ခေါက်နေတာတောင် စုဝမ်တစ်ယောက်တည်းကသာ တံခါးလာဖွင့်ပေးခြင်းဖြစ်၏။သူမ၏ မိဘများသည် ညဂျူတီသွားနေပုံရသည်။


"အင်း" 


စုဝမ်က ပြန်ဖြေရင်း တစ်ခုခုကို တွေးလိုက်မိသလိုမျိုးဖြင့် ရိကျစ်ရွှမ်၏ ရင်ခွင်ထဲက ရုန်းထွက်ပြီး "နင် လာ အထဲကိုဝင်ပြီး ထိုင်လေ" 


သူမ လှည့်ထွက်ကာ ဧည့်ခန်းက မီးများကို ပိုလင်းအောင်ထွန်းလိုက်ပြီးနောက် သူမ၏ ညဝတ်အင်္ကျီ လည်ပင်းကို အနောက်သို့ပြန်ဆွဲချလိုက်သည်။တစ်ဆက်တည်းပင် သူမ ရိကျစ်ရွှမ်နှင့်အကြည့်ချင်းဆုံရန် အနည်းငယ်ကြောက်သွားသဖြင့် ခေါင်းကိုအနည်းငယ် ငုံ့ထားလေသည်။သူမတို့က လမ်းခွဲပြီးပြီမို့ ယခုဆိုဘာမှမသက်ဆိုင်တော့ပေ။


 "မင်း ဒူးက ဘာဖြစ်သွားတာလဲ" 


ဆန့်ကျင်ဘက်အားဖြင့် ရိကျစ်ရွှမ်၏ မျက်လုံးများသည် စူးရှသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် စုဝမ်၏ ဒူးခေါင်းမှ ပွန်းပဲ့နေသော ဒဏ်ရာများကို သူတွေ့လိုက်ရသည်။ ထိုနေရာသည် သွေးများစို့နေခြင်းဖြစ်၏။ 


 "မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး၊ မတော်တဆ တစ်ခုခုကို ဝင်တိုက်မိလိုက်တာပါ" 


စိတ်တည်ငြိမ်မှုပြန်လည်ရလာသော စုဝမ်က အေးဆေးစွာပင် ပြန်မေးလေသည်။


 "နင့်အတွက် ရေသွားယူလိုက်မယ်၊နင် လက်ဖက်စိမ်းရည် သောက်သေးတယ်မလား"


ရိကျစ်ရွှမ်သည် ဆိုဖာပေါ်တွင် ထိုင်ကာ အလွန်လေးနက်သောအကြည့်ဖြင့် ပြန်ဖြေသည်။


 "ရေပဲ ယူလာပေး" 


"အိုး...ဟုတ်ပြီ" 


စုဝမ် အနည်းငယ် စိတ်မချမ်းမသာဖြစ်သွားမိသော်လည်း အပေါ်ယံမျက်နှာအမူအရာကတော့ အပြုံးရိပ်ကလေးကိုဆက်ထိန်းထားဆဲပင်။ 


 "ခဏနေဦး၊ငါ မီးဖိုချောင်ကို သွားလိုက်ဦးမယ်" 


လှည့်ထွက်သွားသည့် စုဝမ်ကိုကြည့်ရင်း ရိကျစ်ရွှမ်၏အကြည့်သည် ပို၍ပင် ရှုပ်ထွေးလာပြီး ဖော်ပြရခက်လာသည်။


ဒီလောကကြီးမှာ သူ ဘယ်သူ့ကို ယုံရမလဲ...စုဝမ်၊ သူမကို ယုံကြည်သင့်သလား...သူ့ရည်းစားဟောင်းကို ယုံသင့်သလား၊ မယုံကြည်သင့်ဘူးလားဆိုတာ ဝေခွဲမရသေး။


ယခုမူ သူ၏ အိပ်ဆောင်မှ အခြားသူများနှင့် နှိုင်းယှဉ်ပါက စုဝမ်သည် အန္တရာယ်မရှိဆုံးသူဖြစ်သည်မှာ သေချာ၏။သူမသည် သူ့အပေါ် ရန်ငြိုးဖွဲ့၍ မကောင်းကြံရန် ရည်ရွယ်ချက်ရှိနေလျှင်ပင် သူ့မှာ အထူးစွမ်းရည်ရှိသောကြောင့် ချက်ချင်းသိရှိနိုင်ပြီး ဂိမ်းကိုတစ်မျိုးပြောင်းလဲပစ်နိုင်စွမ်းရှိသည်။


ရိကျစ်ရွှမ်သည် ဆိုဖာပေါ်တွင် မှီ၍ မျက်လုံးများကို အသာအယာမှိတ်ထားရင်း ကားမတော်တဆမှုအဖြစ်အပျက်ကို ပြန်လည်မြင်ယောင်လာ၏။ ကျောက်တုံးများ ရုတ်တရက် ပြိုကျသွားသောအခါ၊ အဆုံးတွင် သူ၏ အချိန် နောက်ပြန်လှည့်နိုင်သော စွမ်းရည်ကို အသက်သွင်းနိုင်ခဲ့သည်။ ယခု ပဉ္စမအဆင့်သို့ အဆင့်မြှင့်တင်လိုက်တာကြောင့် စက္ကန့် 30 အထိ ပြန်လှည့်နိုင်သည်။ ထိုအခိုက်အတန့်ကို ပြန်သတိရပြီး ကားထဲတွင် ချမ်ယွီဖုန်းနှင့် ပိုင်ရှောင်ယွဲ့တို့၏ငြင်းခုံသံကိုလည်း ကြားနေရဆဲဖြစ်သည်။သို့သော် သူကတော့ ထိုနှစ်ယောက်ကို ရန်မဖြစ်ဖို့ မတားခဲ့ချေ။အားကုန်သုံး၍သာ ချီမူကို ကားရပ်ဖို့ ကျုံးအော်မိ၏။  


ထိုအချိန်တွင် သူ ကြောက်လန့်တကြားဖြစ်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့သည်။ချီမူသည် လမ်းဘေးတွင် ကားကို ရပ်လိုက်မှသာ သူ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ 


ဒါဆို ငါတို့ ဘေးကင်းပြီလား... ဟင့်အင်း...


ကားမတော်တဆမှုက ထပ်မံဖြစ်ပွားလာတာကြောင့် သူ တစ်ကိုယ်လုံး အေးခဲသွားကာ အချိန်ကိုပဲ ပြန်လှည့်မိသည်။ အထပ်ထပ်အခါခါ အချိန်ကို နောက်ပြန်လှည့်နေသော်လည်း မတော်တဆမှုကတော့ ဆက်ဖြစ်နေဆဲပင်။အချိန်ကိုပြန်လှည့်လိုက်တိုင်း အဖြစ်အပျက်ကလည်း ကွဲပြားသွားတတ်သည်။ တူညီသောအရာမှာ သူတို့ထဲက လူအချို့ကြုံတွေ့ရသော ရလဒ်ပင်ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ရလဒ်က အမြဲတူညီ၏။


ဤသည်မှာ မပြောင်းလဲနိုင်သော ကံကြမ္မာတစ်ခုဖြစ်သည်။ 


ရိကျစ်ရွှမ် ဤအထိ နားလည်သွားသောအခါ၊ သူ မျက်လုံးကို ပြန်ဖွင့်လိုက်လျှင် ဆေးရုံရှိအခန်းတစ်ခုတွင် သူရောက်နေပြီဖြစ်၏။ 


 "ဒီမှာ ရေသောက်ပါ"


စုဝမ်သည် ရိုးရိုးရေခွက်ကို ကိုင်ကာ ရိကျစ်ရွှမ် ရှေ့မှာ ငြိမ်သက်စွာ ရပ်လိုက်သည်။ မောပန်းနွမ်းနယ်စွာဖြင့်  ဆိုဖာပေါ်တွင် မှီထိုင်နေသော ရိကျစ်ရွှမ်ကို မြင်လိုက်ရသဖြင့် သူမ နှုတ်ခမ်းကိုအသာကိုက်ထားမိသည်။ထို့နောက် သူမ တုံ့ဆိုင်းသွားကာ 


"နင်လည်း သိထားတာလား......" 


သူမ စကားက ကားတိုက်မှုအပါအဝင်၊ ဤအိပ်မက်လို ကမ္ဘာကြီးအကြောင်း ဆိုလိုခြင်းဖြစ်၏။ရိကျစ်ရွှမ် ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ စူးရှသော အကြည့်ဖြင့် သူမကို ကြည့်ရင်း မေးလိုက်သည်။


"စုဝမ် ကိုယ့်ကိုယုံလား"


 "ယုံပါတယ်" စုဝမ်က ခေါင်းလေးညိတ်ပြသည်။ "ဘာလို့လဲဟင်"


ရိကျစ်ရွှမ်သည် သူမ၏ မျက်နှာကို အလေးအနက်ထား၍ကြည့်နေ‌သည်။သူမ မျက်နှာပေါ်က အမူအရာ သေးသေးလေးတစ်ခုမှ ပြောင်းလဲသွားတာကိုပင် လက်လွတ်မခံဘဲ ကြည့်နေသည်။


 "ရှင်က ကျွန်မကိုကာကွယ်ဖို့ ချက်ချင်းရောက်လာလို့ ကျွန်မတို့လမ်းခွဲပြီးသားဖြစ်ပေမဲ့ ရှင့်ကို ယုံတယ်"


စုဝမ်က ရိကျစ်ရွှမ်ကို ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ပြီး သူမ အကြည့်မှာ ထူးထူးခြားခြား တောက်ပနေသည်။ထိုတောက်ပသောအကြည့်တွင် ဖုံးကွယ်ရခက်သော နူးညံ့သိမ်မွေ့မှု တစ်ခုရှိသည်။


 "အင်း"


ရိကျစ်ရွှမ် ခေါင်းညိတ်လိုက်ရင်း လက်ကို မြှောက်ကာ စုဝမ်၏ ပခုံးပေါ်လက် တင်လိုက်သည်။


"အားလုံးထဲမှာ ကိုယ်လည်း မင်းကို အယုံကြည်ဆုံးပဲ၊ စုဝမ် ကိုယ့်ကို ယုံလိုက်ပါ၊ ကိုယ် မင်းကို ကောင်းကောင်း ကာကွယ်ပါ့မယ်"


ရိကျစ်ရွှမ်၏ လေးနက်သော ကတိစကားကိုကြားသော် သူမမျက်နှာမှာ အနည်းငယ်နီရဲသွားရသည်။


 "ဒါဆို ငါတို့.....အခု ဘာလုပ်ကြမလဲ...... အဲ့ဒီသရဲတွေကို ဘယ်လိုရှာမလဲ"


စုဝမ်သည် သူမကိုယ်သူမ အသက်ရှင်နေသေးသည်ဟု ယုံကြည်မိသည်။သူမ သေသွားခဲ့တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... 


သူမ စကားကိုကြားသော်၊ တစ်ဖက်တွင် ရိကျစ်ရွှမ် အနည်းငယ် တုံ့ဆိုင်းသွားပြီး မျက်လုံးထဲရှိ အလင်းရောင်ကို ဖုံးကွယ်ထားကာ သူမကို စိုက်ကြည့်နေသည်။


 "လျှို့ဝှက်ဆန်းကြယ်တဲ့ ဂဏန်းတွေလိုမျိုး ထူးထူးခြားခြား တစ်ခုခုကို မင်း မြင်ဖူးလား"


နံပါတ် ဟုတ်လား....


"အင်း... ငါ့အိပ်မက်ထဲမှာ နံပါတ် 5 ကိုတွေ့ခဲ့တယ်၊ကျစ်ရွှမ် နင်လည်း တွေ့ခဲ့တာလား"


 "နံပါတ် 5ကို တွေ့တာလား"


ရိကျစ်ရွှမ်၏ အကြည့်ကလည်း အနည်းငယ် ပြောင်းလဲသွားသည်။


 "ဘာလဲ၊နင်က မတွေ့ဘူးလား"


စုဝမ်သည် ရိကျစ်ရွှမ်၏ ပြောင်းလဲမှုကို ခံစားလိုက်ရပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


 "ကိုယ် တွေ့ခဲ့တာက 9 ပါ"


ရိကျစ်ရွှမ်က အသံတိုးတိုးဖြင့် ပြန်ဖြေသည်။


 9...


စုဝမ် အံ့သြသွားခဲ့သည်။ မူလက သူမမြင်လိုက်သော နံပါတ်သည် လူအရေအတွက် သို့မဟုတ် တစ္ဆေအရေအတွက်ကို ဆိုလိုသည်ဟုထင်ခဲ့သည်။ သို့သော် ရိကျစ်ရွှမ်က 9 ကိုတွေ့လိုက်သည်ဟု ဆိုသည့်အတွက် သူမ စိတ်ကူးက မှားသွားပြီဖြစ်သည်။


 ဒီနံပါတ်က လူအရေအတွက်ကို ကိုယ်စားမပြုဘဲ လူနံပါတ်စဉ်ကို ကိုယ်စားပြုတာလား။


စုဝမ်က ငါးယောက်မြောက်လူ၊ရိကျစ်ရွှမ်က ကိုးယောက်မြောက်လို့ ပြောချင်တာလား..ဒီအစဥ်လိုက်နံပါတ်တွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်က ဘာလဲ...


🚩

Report Page